BREAKING
November 15, 2024

ဓာတ်ပုံ သတင်း

ထားဝယ်တွင် သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးပျံလွန်တော်မူ

Dawei Watch

March 21, 2024

ထားဝယ်မြို့ တွင် သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးတစ်ပါး ယနေ့ နံနက် စောစောတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း မြို့ခံများထံမှသိရသည်။ ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ဆင်ဖြူတော်ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ မထေရ်မြတ်သည် ယနေ့ နံနက် ၁ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခြင်းဖြစ်သည်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် မှာ ၁၀၃ နှစ် ရှိပြီး သိက္ခာတော်မှာ ၈၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ၉၆ ပါးသောလူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ရုပ်ကလပ်ကို စံကျောင်းတော်တွင် ၅ ရက်ကြာ ပူဇော်ခံထားရှိမည်ဖြစ်ကြောင်းသိရသည်။ မတ်လ ၂၅ ရက် တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပသွားမည်ဖြစ်သည်။

စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို

Dawei Watch

March 11, 2024

စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။ ‘USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar’ ဆိုသည့် ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်ကြကြောင်း DDMSC ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုလာပြီး အရပ်ပြည်သူ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။

ထားဝယ်ကမ်းနားလမ်း နေဝင်ဆည်းဆာပုံရိပ်များ

Dawei Watch

March 7, 2024

ထားဝယ်မြစ်ကမ်းနား ၊ သဲပြင်ကွင်း ပန်းခြံမှာ မြင်ရတဲ့ နေဝင်ဆည်းဆာ မြင်ကွင်းနဲ့ လာရောက်အပန်းဖြေနေသူတွေရဲ့ မြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်က စစ်ကောင်စီက စစ်မှုမထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်မှာ လူငယ်အများစု အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်သွားတာကြောင့် ကမ်းနားလမ်းအပါအဝင် ထားဝယ်မြို့က အပန်းဖြေတဲ့ နေရာအများစုမှာ လူငယ်တွေ လာရောက်လည်ပတ်တာ နည်းသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။ ဒါ့အပြင် ည ၇ နာရီဝန်းကျင် ကတည်းက လူခြေတိတ် နေပြီဖြစ်ကြောင်း မြို့ခံတွေဆီကသိရပါတယ်။

ထိုင်းလွှတ်တော်ထဲတွင် မြန်မာပြည်သူများ၏ ဒုက္ခများကို ပထမဆုံးပြသ

Dawei Watch

March 2, 2024

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လွှတ်တော်ထဲတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများနှင့် ပြည်သူများ ဒုက္ခရောက်နေသည့် ပုံရိပ်များကို ယနေ့တွင် ပထမဆုံးအကြိမ် ပြသထားသည်။ မြန်မာတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၏ အသုံးအဆောင်များကို အနုပညာလက်ရာပြခန်းအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။ အနုပညာပြခန်းကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြသထားမည်ဖြစ်ပြီး ပွဲကို Spirit in Education Movement (SEM) က ဦးစီးကျင်းပခြင်းဖြစ်သည်။ ယနေ့တွင် ထိုင်းလွှတ်တော်၌ ၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကျင်းပနေစဉ် အနုပညာပြခန်းကို ပြသထားခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် […]

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

Dawei Watch

February 28, 2024

ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာ​တွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူ​တွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။

ထားဝယ်ပန်းချီဆရာများ ရဲ့ ပုဂံပန်းချီပြပွဲ

Dawei Watch

February 26, 2024

ထားဝယ်သားပန်းချီဆရာ လေးယောက်ရဲ့ ပုဂံဒေသ အလှပန်းချီပြပွဲ တတိယရက် မြင်ကွင်းများကို ဖော်ပြ​ပေးလိုက်ပါတယ်။ “ Dawei To Bagan “ အမည်ဖြင့် ရေဆေးပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၂၄ ကနေ မတ်လ၂ ရက်နေ့အထိ ထားဝယ်မြို့၊ဆန်းချီရပ်က လှိုင်းခတ်သံ ပန်းချီပြခန်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ထားဝယ်သားပန်းချီဆရာတွေ ဖြစ်တဲ့ ကရဝိက်ဦးလှရွှေ၊ လီယိုစောအယ်၊ ပန်းချီ သန်းဌေး ၊ ပန်းချီ ဇာနည်စိုးမိုး တို့လေးဦးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပုဂံခရီးစဥ်အတွင်းရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ထားဝယ်မြို့မှာပြပွဲ ပြုလုပ်ခဲ့တာပါ။ ပန်းချီဆရာတစ်ဦး ၁၀ ကား နှုန်းနဲ့ စုစုပေါင်း ပန်းချီကား၄၀ပါဝင်ပြသထားပြီး ပြပွဲတတိယရက်မှာ ၂၅ ရာခိုင်နှုန်း ​ရောင်းထွက်သွားပြီလို့ ပြပွဲမှာပါဝင်တဲ့ ပန်းချီဆရာ​တွေကပြောပါတယ်။

လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

Dawei Watch

February 25, 2024

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။ နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။ တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

Dawei Watch

February 24, 2024

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။ လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို ရွာသူရွာသားများစုပေါင်း၍ ယခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သည်။ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင်လည်း ဘုရားမီးကမ်ပူဇော်ပွဲကို အစဥ်အလာမပျက် ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင်ပြုလုပ်ခဲ့သည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားမီးကမ်ပွဲကို ထားဝယ်ဘုရင် ဝေဒီမင်းကြီးလက်ထက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြီး နှစ်နေရာတွင် ကိုဗစ်မတိုင်မီကာလအထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။ ထားဝယ်ဒေသက ဘုရားမီးကမ်ပွဲနှင့်အလားတူ ပြည်မြို့၊ရွှေဆံတော်ဘုရားတွင်လည်း ဉာဏ်ရိုးမီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတိုင်းကျင်းပလေ့ရှိသည်။