တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မဲ့ရွှေ့
diz_admin
March 30, 2020ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိသော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာ ဗိုင်းရပ်စ်အရေးကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ညွှန်ကြားချက်အရပေါ့။ ညွှန်ကြားချက်အရ လွှတ်တော်မှာတောင်ဝန်ထမ်းတွေ လျှော့ချထားရတယ်လေ။ လွှတ်တော်ကျင်းပဖို့အဆင်မပြေဘူးပေါ့။ သမ္မတအမိန့်နဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာတယ်ပေါ့” ဟုဦးခင်မောင်အေးက ပြောသည်။ လွှတ်တော်ပြန်လည်ကျင်းပနိုင်မည့်ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်မှုအခြေအနေပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။ ၁၆ ကြိမ်မြောက် တိုင်းလွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုမည်ရန်ရှိကြောင်း ဦးခင်မောင်အေးက ပြောဆို ထားသည်။ ၁၅ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကျင်းပခဲ့သည်။