BREAKING
September 19, 2024

ဓာတ်ပုံ သတင်း

ထိုင်းလွှတ်တော်ထဲတွင် မြန်မာပြည်သူများ၏ ဒုက္ခများကို ပထမဆုံးပြသ

Dawei Watch

March 2, 2024

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လွှတ်တော်ထဲတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများနှင့် ပြည်သူများ ဒုက္ခရောက်နေသည့် ပုံရိပ်များကို ယနေ့တွင် ပထမဆုံးအကြိမ် ပြသထားသည်။ မြန်မာတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၏ အသုံးအဆောင်များကို အနုပညာလက်ရာပြခန်းအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။ အနုပညာပြခန်းကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြသထားမည်ဖြစ်ပြီး ပွဲကို Spirit in Education Movement (SEM) က ဦးစီးကျင်းပခြင်းဖြစ်သည်။ ယနေ့တွင် ထိုင်းလွှတ်တော်၌ ၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကျင်းပနေစဉ် အနုပညာပြခန်းကို ပြသထားခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် […]

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်

Dawei Watch

February 28, 2024

ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း သုံးနှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို လောင်းလုံးမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၈) ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထုလမ်းလျှောက်သပိတ်အပါအဝင် ကဗျာရွတ်တာနဲ့ အမှတ်တရ စကားပြောတာ​တွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသက်ပေးကျဆုံးသွားကြသူ လေးဦးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အသက်ပေးကျဆုံးသွားသူ​တွေကို လွမ်းသူပန်းခွေများနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ယခုနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ဒေသခံ ရာချီပါဝင်ခဲ့ကြပါတယ်။

ထားဝယ်ပန်းချီဆရာများ ရဲ့ ပုဂံပန်းချီပြပွဲ

Dawei Watch

February 26, 2024

ထားဝယ်သားပန်းချီဆရာ လေးယောက်ရဲ့ ပုဂံဒေသ အလှပန်းချီပြပွဲ တတိယရက် မြင်ကွင်းများကို ဖော်ပြ​ပေးလိုက်ပါတယ်။ “ Dawei To Bagan “ အမည်ဖြင့် ရေဆေးပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၂၄ ကနေ မတ်လ၂ ရက်နေ့အထိ ထားဝယ်မြို့၊ဆန်းချီရပ်က လှိုင်းခတ်သံ ပန်းချီပြခန်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ထားဝယ်သားပန်းချီဆရာတွေ ဖြစ်တဲ့ ကရဝိက်ဦးလှရွှေ၊ လီယိုစောအယ်၊ ပန်းချီ သန်းဌေး ၊ ပန်းချီ ဇာနည်စိုးမိုး တို့လေးဦးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပုဂံခရီးစဥ်အတွင်းရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ထားဝယ်မြို့မှာပြပွဲ ပြုလုပ်ခဲ့တာပါ။ ပန်းချီဆရာတစ်ဦး ၁၀ ကား နှုန်းနဲ့ စုစုပေါင်း ပန်းချီကား၄၀ပါဝင်ပြသထားပြီး ပြပွဲတတိယရက်မှာ ၂၅ ရာခိုင်နှုန်း ​ရောင်းထွက်သွားပြီလို့ ပြပွဲမှာပါဝင်တဲ့ ပန်းချီဆရာ​တွေကပြောပါတယ်။

လောင်းလုံးက နေအိမ်မီးရှို့ခံရသူများ

Dawei Watch

February 25, 2024

စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်မီးရှို့ခဲ့တဲ့ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံတွေ ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကြပုံတွေကို (ယခုလ ဒုတိယပတ်မှာ) ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။ လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာက နေအိမ်ပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၃ မတ်လတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ကြွက်မနိုင်ကျည်မီးရှို့ဗျူဟာအောက်မှာ ဒေသခံထောင်ချီ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့ရပါပြီ။ နေစရာအိမ်မရှိတော့တဲ့ ဒေသခံတွေကတော့ ဖြစ်သလိုတဲထိုးနေထိုင်ပြီး ခက်ခဲစွာ ရုန်းကန်အသက်မွေးနေကြရပါတယ်။ တာလပတ်အမိုးတစ်ခုကလွဲပြီး အကာအယံမရှိတဲ့ တဲလေးတွေအောက်မှာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံပြီး နေထိုင်နေရတာပါ။

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

Dawei Watch

February 24, 2024

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။ လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို ရွာသူရွာသားများစုပေါင်း၍ ယခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သည်။ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင်လည်း ဘုရားမီးကမ်ပူဇော်ပွဲကို အစဥ်အလာမပျက် ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင်ပြုလုပ်ခဲ့သည်။ ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။ ဘုရားမီးကမ်ပွဲကို ထားဝယ်ဘုရင် ဝေဒီမင်းကြီးလက်ထက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြီး နှစ်နေရာတွင် ကိုဗစ်မတိုင်မီကာလအထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။ ထားဝယ်ဒေသက ဘုရားမီးကမ်ပွဲနှင့်အလားတူ ပြည်မြို့၊ရွှေဆံတော်ဘုရားတွင်လည်း ဉာဏ်ရိုးမီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတိုင်းကျင်းပလေ့ရှိသည်။

ခြောက်ကပ်နေသည့် ရှင်မော်စေတီ

Dawei Watch

February 15, 2024

အာဏာမသိမ်းမီက နေ့စဉ်ဘုရားဖူးထောင်ချီဖြင့် စည်ကားနေတတ်သည့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်စေတီ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မြင်ကွင်းများဖြစ်သည်။ ရှင်မော်တောင်သို့တက်သည့် လမ်းဘေးဝဲယာတွင် ခြုံထူနေပြီး တံတားတစ်စင်းမှာလည်း ဆွေးမြေ့လျက်ရှိသည်။ ဈေးဆိုင်တန်းမှာ သော့ခတ်လျှက်သား ဖုံတက်နေပြီး၊ ဘုရားအချို့ကို သော့ခတ်ထားသည်ကိုတွေ့ရသည်။ အချို့ဘုရားများမှာ ဆီးမီး၊ ပန်းနံ့သာ ကပ်မဲ့သူမရှိသဖြင့် ခြောက်ကပ်နေသည်။ ဘုရားဝင်းတစ်ခုလုံးတွင် ဂေါပကအဖွဲ့ဝင်နှစ်ဦးမှလွဲပြီး အခြားသူများတစ်ဦး‌တစ်ယောက်မျှမရှိပေ။ ‌ရှင်မော်‌စေတီမှာ ဒေသတွင်းသာမက ပြည်တွင်းဘုရားဖူးများကြားတွင် နာမည်ကြီးပြီး ထားဝယ်ဒေသသို့ရောက်တိုင်း မဖြစ်မနေ သွားရောက်ဖူးမျှော်ရသည့် စေတီထဲတွင်ပါဝင်သည်။ ဖေဖော်ဝါရီလ ၁၄ ရက်ကဲ့သို့သော နေ့များအပြင် အခါကြီး၊ ရက်ကြီးအချိန်များ၊ ရုံးပိတ်ရက်များတွင် ရှင်မော်စေတီသို့ လာရောက်ဖူးမျှော်သူ နေ့စဉ်ထောင်ဂဏန်းအထိရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ရှင်မော်စေတီသို့ ဘုရားဖူးများ အလာကျဲသွားပြီး လက်ရှိတွင်မူ လာရောက်သူ လုံးဝမရှိသဖြင့် ရင်ပြင်တစ်ခုလုံးခြောက်ကပ်တိတ်ဆိတ်လျှက်ရှိပေသည်။