ထားဝယ်-ရေချိုချောင်းရွာတွင် သံဃာနှစ်ပါးနှင့် လူနှစ်ဦးအဖမ်းခံရ
diz_admin
March 27, 2021သရက်ချောင်းမြို့နယ်၊ ရေချိုချောင်းကျေးရွာမှ ဖမ်းဆီးသွားသည့် ဆရာတော်နှစ်ပါးနှင့် အမျိုးသားနှစ်ဦး ယနေ့အချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာတွင် သံဃာတော်နှစ်ပါးနှင့် ရွာသားနှစ်ဦးကို မတ်လ ၂၆ ရက် မနက်က ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ ရေချိုချောင်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တ၊ ရေချိုချောင်း ရွာလယ်ကျောင်းဆရာတော်တစ်ပါးအပြင် ရွာသားနှစ်ဦးဖြစ်သည့် ကိုဆန်းမင်း၊ ကိုဝင်းရှိန် တို့ကို မတ်လ ၂၆ ရက် မနက်ပိုင်းက ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူအမျိုးသမီးကဆိုသည်။ အဆိုပါဆရာတော်နှစ်ပါးသီတင်းသုံးသည့် ကျောက်တိုက်အတွင်း လက်နက်များရှိနေသည်ဟု မလိုသူများက မဟုတ်မမှန် သတင်းပေးတိုင်ကြားသဖြင့် စစ်သားဆယ်ဦးထက်မနည်းပါလားသော စစ်ကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ဖမ်းဆီးသွားသူများကို ထားဝယ်ထောင်သို့ ပို့ဆောင်ထားသည်ဟုဆိုသည်။