မြန်မာနှင့် ထိုင်းတွင် ငလျင် ဆက်တိုက်လှုပ်
Dawei Watch
March 28, 2025မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ခရိုင်အတော်များများတွင် ယနေ့ နေ့လယ်ပိုင်းက ငလျင်ဆက်တိုက်လှုပ်ခတ်သွားကြောင်း သိရသည်။ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်မှစ၍ ငလျင်စတင်လှုပ်ခဲ့ခြင်းဖြစ်ပြီး အချိန် ၂ မိနစ်ခန့်အထိ ဆက်တိုက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် မြန်မာနှင့်ထိုင်းနိုင်ငံတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်နိုင်ကြောင်း ကနဦးသိရပြီး အထပ်မြင့်အဆောက်အအုံတွင် နေထိုင်သူများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။ “ထမင်းစားရင်း ဘာလဲပေါ့။ ခေါင်းမူးသွားတယ်ထင်တာ။ တိုက်တစ်ခုလုံး ယိမ်းထိုးလာလို့ ဆင်းပြေးလိုက်ရတယ်” ဟု ဘန်ကောက်က မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။ လက်ရှိအချိန်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နိုင်သဖြင့် သတိထားစောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဆိုသည်။ ငလျင်ပြင်အားနှင့် ဗဟိုချက်တည်နေရာများကို တိတိကျကျ မသိရသေးဘဲ အသေးစိတ်အခြေအနေကို ဆက်လက်ဖော်ပြပေးသွားပါမည်။