BREAKING
January 3, 2025

တနင်္သာရီအတွက် 3CC

December 31, 2024

အပိုင်း (၂)

အခုအပတ်မှာ Command (ကွပ်ကဲမှု) အကြောင်း အကျဥ်းချုပ်နဲ့ CoC လို့ အများသိကြတဲ့ Chain Of Command (ကွပ်ကဲမှုကွင်းဆက်) အကြောင်း ဆွေးနွေးသွားပါ့မယ်။

အရေးကြီးပါတယ်။ ဘယ်လိုအရေးကြီးပါသလဲ။ ဘာ တွေ အကျိုးအမြတ်ရနိုင်သလဲ ဆိုတာ အောက်မှာ ဖော်ပြသွားပါ့မယ်။

Command (ကွပ်ကဲမှု) ဟာ Control (ထိန်းချုပ်မှု) နဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ ဘာလို့ဆိုရင် ထိန်းချုပ်မှု အားကောင်းရင် ကွပ်ကဲမှုကို အားကောင်းစေပြီး ကွပ်ကဲမှု အားနည်းရင် ထိန်းချုပ်မှုပါ ပျက်ပါတယ်။ ကွပ်ကဲမှု မရှိ၊ ထိန်းချုပ်မှုပါ အားနည်းလာရင်တော့ မကြာတော့ပါဘူး။ တပ်ပျက်မှာပါ။ စစ်ကိုလဲ နိုင်မှာ မဟုတ်ပါဘူး။

Command (ကွပ်ကဲမှု) ဆိုတာ ရာထူးအဆင့် အရ၊ ပေးအပ်ထားတဲ့ တာဝန် တစ်ရပ်ရပ် အရ ကိုယ့်အောက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအပေါ်မှာ ကျိုးကြောင်းညီညွတ်စွာ တရားသဖြင့် အမိန့်ပေး စေခိုင်းနိုင်တဲ့ အခွင့်အာဏာလို့ စစ် ပညာကျမ်း တွေမှာ ဖွင့်ဆိုပါတယ်။

အဲဒီထဲမှာ ပထမ အချက်ကတော့ တပ်တည်ဆောက်ရမှာ ဖြစ်ဖြစ်၊ စစ်ဆင်ရေးမှာ ဖြစ်ဖြစ် ရရှိလာတဲ့ ကူညီ ထောက်ပံ့မှုတွေကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ စီမံတာ၊ လိုအပ်တဲ့ စုဖွဲ့မှုနဲ့ လိုအပ်တဲ့ ညွှန်ကြားမှု လုပ်တာ၊ ပေါင်းစပ်ညှိနှိုင်းတာ အကျုံးဝင် ပါတယ်။

ဒုတိယ အနေနဲ့ မိမိတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ရဲဘော်တစ်ဦးချင်းစီတိုင်းကို ထိန်းသိမ်းကြပ် မတ်ရတဲ့ လုပ်ငန်းစဥ် ဖြစ်ပြီး တတိယ အချက်မှာ လိုအပ်တဲ့ လေ့ကျင့်ရေး၊ ကျန်းမာရေး၊ တပ်တွင်းနေပျော်‌ရေး၊ စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းမွန်ရေး တနည်းအားဖြင့် တော်လှန်ရေး သဘောတရားများနဲ့ ခံယူချက်များ အား ကောင်းခိုင်မာနေစေရေးတို့ အတွက် လုပ်ဆောင်ရတာတို့ ပါဝင်တယ်။

နောက်ဆုံး အချက်ကတော့ အောက်ခြေတပ်ဖွဲ့ဝင် ရဲဘော်တွေကို ရည်မှန်းချက် တာဝန်တွေပြဋ္ဌာန်း သတ်မှတ်ပေး ပြီး အတိအကျ လိုက်နာအောင် အမိန့်ပေးစေခိုင်းတာ စတဲ့ အချက် (၄)ချက်ဟာ ကွပ်ကဲမှု လုပ်ငန်းစဥ်ဖြစ်တယ်လို့ အနှစ်ချုပ်ယူနိုင်ပါတယ်။

အကျယ်သဘောကတော့ လေ့လာရင် လေ့လာသလို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ ကိုယ် က တပ်မှူး တာဝန်ယူထားတဲ့သူ ဖြစ်နေပြီဆိုရင်တော့ နက်နက်ရှိုင်းရှိုင်းလဲ လေ့လာဖို့ လိုပါတယ်။

အခုက ဘယ်လို ကွပ်ကဲနေလဲ။ အာဏာကို ဘယ်လို အသုံးပြုနေလဲ။ ကြည့်ကြရအောင်ပါ။ တိုင်းထဲက တော်လှန် ရေးတပ်ဖွဲ့တွေထဲမှာ တွေ့ရအများဆုံး တပ်မှူး တာဝန်ယူထားကြသူတွေရဲ့ ကွပ်ကဲမှုလုပ်တဲ့ ပုံစံက ဒီလိုပါ။

“ငါ့အလိုလိုက်သူတွေ ငါ့နားနေ။ လိုတာပြော အကုန်ရမယ်” ဆိုတဲ့ပုံစံပါ။ ဒီလိုနဲ့ ကိုယ့်တပ်ကို ကိုယ်ကပြန်ပြီး ခွဲထုတ်ပါတယ်။ အုပ်စုဖွဲ့ပါတယ်။ ဒီလိုပုံစံနဲ့ အမိန့်သေအောင် ဆိုပြီး လွဲလွဲမှားမှား တည်ဆောက်နေကြတာဖြစ် တယ်။

တပ်မှူးလုပ်သူရဲ့ ကွပ်ကဲမှု ကောင်းခြင်း/ ဆိုးခြင်း နဲ့ ကွပ်ကဲမှု (Command) သဘောတရား ကျေညက်ခြင်း ရှိ/ မရှိ ဆိုတဲ့ ပြဿနာဟာ အတော်ကို အရေးကြီးတဲ့ ပြဿနာဖြစ်ပါတယ်။

အောက်ခြေက ရဲဘော်တွေရဲ့ အသက်နဲ့ ဘဝတွေပေါ် မူတည်နေတာဖြစ်ပါတယ်။ ကွပ်ကဲမှု ညံ့ဖျင်းနုံချာတာကြောင့် အချို့သော တိုက်ပွဲတွေမှာ စစ်မရှုံး သင့်ဘဲ ရှုံးပြီး မကျဆုံးသင့်ဘဲ ကျဆုံးရတဲ့ တော်လှန်ရေး ရဲဘော်တွေ တနင်္သာရီတိုင်းထဲ ဘယ်လောက်များနေပြီ လဲ။ အလွန်ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပါတယ်။

ဘာလို့လဲဆိုရင် စစ်ဆင်ရေးတစ်ခုမှာ ခေါင်းဆောင်တပ်မှူး လုပ်သူရဲ့ ကွပ်ကဲမှုဟာ တိုက်ပွဲရဲ့ ရလဒ်ကို အဆုံးဖြတ် ပေးပါတယ်။ အနိုင်အရှုံး၊ အကျအဆုံးဟာ တပ်မှူးလုပ်တဲ့သူနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ တာဝန်ယူရပါတယ်။ တာဝန်ခံရပါတယ်။ အခုက သေရင်မီးရှို့ ၊ နာရင် ထိုင်းပို့လိုက်တာပါပဲ။ ဘာသင်ခန်းစာမှ မယူကြပါဘူး။

ဒါကြောင့် ဘယ်လိုလူတွေ တပ်မှူးလုပ်နေကြသလဲ။ ဘယ်လို ကွပ်ကဲမှု လုပ်နေကြသလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ လေ့လာဆန်းစစ်ကြဖို့ လိုပါတယ်။

တိုင်းထဲက တော်လှန်ရေး တပ်ဖွဲ့အများစုမှာ တပ်မှူး လုပ်တဲ့သူတွေ ဟာ Command (ကွပ်ကဲမှု) သဘောတရားနဲ့ လုပ်ငန်းစဥ်တွေကို ဘာမှန်း မသိကြပါဘူး။ စိတ်လဲမဝင်စားကြ ပါဘူး။ အထက်က ပြောသလို ကိုယ့် တပ်ကို ကိုယ်ပြန်ခွဲထုတ်ပြီး အုပ်စုဖွဲ့ ကာ စစ်ခေါင်းဆောင် လုပ်နေကြတာပါ။

ဒါတွေ မပြင်ဘဲ၊ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ သင်ခန်းစာယူ သုံးသပ်ဆင်ခြင်မှုမလုပ်ဘဲ တော်လှန်ရေးလုပ်နေတဲ့ သူတွေကို အခုလိုပြောရမလား၊ ဒီလောက်လွယ်တယ်လို့ ထင်နေရင် ကိုယ်တိုင်လာတိုက်ကြည့်ပါလား၊ ဘာလား ညာလားနဲ့ မိုးကြိုးပစ်နေတာကို ထန်းလက်နဲ့ကာပြီး တပ်မှူးကစ ရဲဘော် အဆုံး Complain တွေပဲ တက်နေရင် တော့ COC ဆိုတာ ဘယ်တော့မှ တည်ဆောက်ရနိုင်မှာ မဟုတ်ပါဘူး။

တပ်တည်ဆောက်ရာမှာ ဖြစ်ဖြစ်၊ စစ်ဆင်ရာမှာ ဖြစ်ဖြစ် Control / Command ထိန်းချုပ်မှုနဲ့ ကွပ်ကဲမှု နိုင်နင်းပါမှ CoC လို့ ခေါ်တဲ့ Chain Of Command (အမိန့်ပေးကွပ်ကဲမှု ကွင်းဆက်)ကို အချိတ်အဆက် မိမိ၊ ဟန်ချက်ညီညီ တည်ဆောက်နိုင်တာပါ။

ဒါကြောင့် ထိန်းချုပ်မှုနဲ့ ကွပ်ကဲမှုကို စနစ်တကျ နားလည်သဘောပေါက်ပြီး CoC တည်ဆောက်နိုင်ရင် “ဦး(၄)ဦး” ကို အလွယ်တကူပဲရယူနိုပြီး “စစ်” အနိုင်တိုက်လို့ ရပါပြီ။ ဘာ ဦးတွေလဲဆိုရင်တော့……

(၁) သတင်း လက်ဦးမှု

(၂) ပြင်ဆင်မှု လက်ဦးမှု

(၃) စစ်ကူ၊ ပစ်ကူ လက်ဦးမှု နဲ့

(၄) ချေမှုန်းရေး လက်ဦးမှု တို့ ပဲဖြစ်ပါတယ်။

အဲဒီ လက်ဦးမှု လေးရပ်ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင် ထိန်းချုပ်/ ကွပ်ကဲတဲ့ အာရက္ခတပ်တော် (AA)နဲ့ ရဲဘော်များ ရယူနိုင်ခဲ့တာဟာ ဒီကနေ့ ရက္ခိုင်ပြည်သိမ်း တိုက်ပွဲများအောင်မြင်ရခြင်း အဓိက အကြောင်းအချက် ကြီးတွေ အဖြစ် သက်သေထူနေတာ မျက်မြင်ပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ် လိုက်တယ်။

ထုဝေါလု (၃၀. ၁၂. ၂၀၂၄)

တနင်္သာရီအတွက် 3CC (အပိုင်း ၁)