ထားဝယ်မြို့ပေါ်က စစ်ကောင်စီဝန်ကြီးများအိမ်ရာ၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈) နှင့် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၉နာရီခန့်တွင် စကခ (၈)၊ စစ်ကောင်စီတိုင်းဝန်ကြီးချုပ် အိမ်ရှိသည့် ဝန်ကြီးများ အိမ်ရာနှင့် ဗျောတောဝရပ်ကွက်ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့ကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က ဒရုန်းဖြင့် ဗုံးရှစ်လုံးချပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း TPLF မှ ရဲဘော်တစ်ဦးက ပြောသည်။
ဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
ဒရုန်းဖြင့် တိုက်ခိုက်ချိန် လေပြင်းတိုက်ခိုက်မှုကြောင့် ဒရုန်းနှစ်စီး ပျက်ကျခဲ့ကြောင်း အထက်ပါရဲဘော်က ပြောဆိုသည်။
စစ်ကောင်စီ တိုင်းအစိုးရနှင့် နီးစပ်သူတစ်ဦးကမူ ဝဲကျွန်းရပ်ကွက်တွင် TPLF မန်ယူ 0 2 စာသားပါသည့် ဒရုန်းတစ်စင်း လေယာဉ်ကွင်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ပျက်ကျခဲ့သည်ဟု ဆိုသည်။
တောင်ပံတစ်ခြမ်း မရှိတော့သည့် အဝါရောင် ဒရုန်းတစ်စီးမှာ ဝဲကျွန်း ဓမ္မရိပ်သာဘုန်းကြီးကျောင်းထဲပျက်ကျခဲ့သဖြင့် စစ်ကောင်စီတပ်က ထုချေပြီးယူဆောင်သွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ဒရုန်းဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ TPLF ၏ ပြန်ကြားရေးတာဝန်ခံထံ ဆက်သွယ်မေးမြန်းရာ “သတင်းထုတ်ပြန်ဖို့အတွက် ပြန်စုံစမ်းပြီး သတင်းကိုအတိအကျဖြစ်အောင်ကြိုးစားနေပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဝန်ကြီးများအိမ်ရာအနီးရှိ DDPC ဈေးဝယ်စင်တာ အနီးတွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်နေကြောင်း မြို့ခံအချို့က ပြောဆိုသည်။