စစ်ရေးတင်းမာနေသည့် ကျောက်နီမော်ကျေးရွာအောက်ဘက် အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။
စစ်ဘေးရှောင်နေရာမှ ရွာဘုန်းကြီးကိုထွက်လာရှာသည့် အောက်ကျောက်ဝပ်ရွာသား ၇ ဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က မြောက်ကျောင်းအနီး၌ ဖမ်းဆီးသွားကြောင်း၊ ၎င်းတို့အနက် ၃ ဦးမှာ အသတ်ခံရကာ ကျန် ၄ ဦးနှင့် ဘုန်းကြီး ၃ ပါးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏ နှိပ်စက်သတ်ဖြတ်ခြင်းခံရသူသုံးဦးမှာ အောက်ကျောက်ဝပ်ရွာသား ဦးသားသား၊ ကိုခင်မောင်မျိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ဖြစ်သည်။
“အောက်ကျောက်ဝပ် မြောက်ကျောင်းနားမှာပဲ ပစ်သတ်ခံရတယ်၊ သူတို့အလောင်းတွေကိုတော့ မနေ့က သူတို့စစ်ကြောင်း ကျောက်မတ္တပ်ဖက်ရွှေ့သွားတဲ့အချိန်မှာ ခိုးပြီးတော့ မြေမြှုပ်လိုက်ပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။
ပြန်လည်ထွက်ပြေးလွတ်မြောက်လာသည့် ဦးဂျပန်၊ ဦးကျော်စိုး၊ ဦးဝင်းတို့သုံးဦးနှင့် ဘုန်းကြီးနှစ်ပါးမှာ စစ်ကောင်စီတပ်၏ နှိပ်စက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားကြောင်း၊ လုံခြုံသည့်နေရာတွင် ဆေးကုသမှုခံယူနေကြာင်း ၎င်းကပြောသည်။
“သူတို့ အသေခံစွန့်စားပြီး ထွက်ပြေးလာတာလို့ပြောတယ်။ ဦးကျော်ရွှေနဲ့ ကိုယ်တော်သန်းနိုင်(ဘုန်းကြီး) ကတော့အုပ်စုကွဲသွားတယ်။ လွတ်လာသူတွေမှာ မျက်နှာ၊ ခြေလက် ရောင်ကိုင်းနေတာတွေ့ရတယ်” ဟု၎င်းကပြောဆိုသည်။

ကျောက်နီမော်ရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။
ထို့ နောက် ဒီဇင်ဘာ လ ၂၅ ရက်နေ့က စပြီး အင်အား ၃၀၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျောက်နီမော်အောက်ဘက်ရှိ ကျေးရွာများကိုစစ်ကြောင်းထိုးနေပြီး ယနေ့ စစ်ကြောင်းမှာ ကျောက်မတ္တပ်ကျေးရွာဘက်ရောက်ရှိနေသည်ဟုဆိုသည်။
ယခုလက်ရှိ စစ်သင်္ဘောတစ်စင်းမှာလည်း ထောင့်နန့်အော်တွင်ရှိနေပြီး အင်အားထပ်တိုးနိုင်၍ ဒေသခံများ အထူးသတိထားရန်လိုအပ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများကပြောသည်။
ယင်းသို့စစ်ကြောင်းထိုးနေခြင်းကြောင့် ထောင်နှင့်ချီရှိသည့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေသလို ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်နှင့် မီးနေသည် စစ်ဘေးရှောင်များကိုလည်း ကယ်ထုတ်ရန် လုပ်အပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများကဆိုသည်။