လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့် စစ်ကောင်စီက ကောက်ယူထားသော သန်းခေါင်စာရင်းရှေ့ပြေး အချက်အလက်များကို ထုတ်ပြန်ရာတွင် တနင်္သာရီတိုင်းရှိ လူဦးရေ၏ ထက်ဝက်ခန့်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်းတွေ့ရသည်။
၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့သည့် သန်းခေါင်စာရင်းကောက်ယူမှုအရ တနင်္သာရီတိုင်းရှိ လူဦးရေ ခုနစ်သိန်းခုနစ်သောင်းကျော်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ယနေ့(ဒီဇင်ဘာ ၃၁) နံနက်ကထုတ်ပြန်သည့် ရှေ့ပြေးအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံလူဦးရေမှာ ငါးဆယ့်တစ်သန်းသုံးသိန်းကျော် ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ခန့်မှန်းထားပြီး သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့သည့် လူဦးရေ ၃၂ သန်းကျော်ရှိပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၁၉ သန်းကျော်ရှိကြောင်း ယင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှုအရ တနင်္သာရီတိုင်းရှိ လူဦးရေမှာ ၁၃ သိန်းကျော် (၁,၃၈၀,၅၆၇) ရှိကြောင်း ထုတ်ပြန်ထားချက်တွင်တွေ့ရသည်။
မြေပြင်ကောက်ယူရရှိသည့်လူဦးရေမှာ ခုနစ်သိန်းကျော်( ၇၇၃,၂၄၉ ဦး) ရှိပြီး မကောက်ယူနိုင်ဘဲ ခန့်မှန်းတွက်ချက်ထားသည့် လူဦးရေမှာ ခြောက်သိန်းကျော်( ၆၀၇,၃၁၈ ဦး) ရှိဟု ဖော်ပြထားသည်။
၂၀၁၄ သန်းခေါင်စာရင်းပါ လူဦးရေအရမူ တနင်္သာရီတိုင်းတွင် လူဦးရေ ၁၄ သိန်းကျော်( ၁၄၀၈၄၀၁ ) ရှိရာ ယခုစစ်ကောင်စီက ထုတ်ပြန်သည့်လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်း လူဦးရေထက် သုံးသောင်းနီးပါး ( ၂၇၈၃၄ ဦး) လျော့နည်းနေသည်ကိုတွေ့ရသည်။
စစ်ကောင်စီ၏ ယခုထုတ်ပြန်သည့် လူဦးရေစာရင်းမှာ အမှန်တကယ် နေထိုင်သည့် လူဦးရေစာရင်းနှင့် များစာကွာဟနေနိုင်ကြောင်း၊ စာရင်းကောက်ယူချိန်တွင် စနစ်တကျကောက်ယူမှု မရှိသည့်အပြင် ဖြေဆိုသူများမှာလည်း လွတ်လပ်မှုမရှိကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။
“လုံခြုံရေးအခြေအနေအရ အိမ်မှာရှိတဲ့ လူဦးရေစာရင်းတွေကို လိုတိုးပိုလျှော့ ဖြေလိုက်ရသူတွေ အများကြီးပဲလေ။ ပြီးတော့ စာရင်းမကောက်နိုင်တဲ့ ဒေသတွေမှာဆိုရင် သူတို့ဘယ်လိုပဲ ခန့်မှန်းတွက်ချက်ထားတယ်ပြောပြော မှားကိုမှားနေလိမ့်မယ်” ဟု ၎င်းကဆိုသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်မြို့ကြီးများတွင်သာ လူဦးရေစာရင်းကောက်နိုင်ခဲ့ပြီး ကျေးလက်ဒေသအများစုတွင်မူ ကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၄၅ မြို့နယ်(၄၄ ရာခိုင်နှုန်း)ကိုသာ စစ်ကောင်စီက ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်တွင် တစ်စိတ်တစ်ပိုင်းသာ ကောက်ယူနိုင်ခဲ့ကြောင်း ယခုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် သန်းခေါင်စာရင်း လုံးဝမကောက်ယူနိုင်ခဲ့သော မြို့နယ် ၅၈ မြို့နယ်ရှိကြောင်း တွေ့ရသဖြင့် စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ ထက်ဝက်နီးပါးကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် သဘောဖြစ်သည်။
လက်ရှိတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားဒေသများအပါအဝင် မြန်မာပြည်အထက်ပိုင်းဒေသအချို့က မြို့ပေါင်း ၈၀ ကျော်ကို တော်လှန်ရေးအင်အားစု အသီးသီးက သိမ်းပိုက်ထားသည်။
စစ်ကောင်စီ၏ ရှေ့ပြေးသန်းခေါင်စာရင်း အချက်အလက်များအရ ချင်းပြည်နယ်တွင် ကောက်ယူနိုင်မှု အနည်းဆုံးဖြစ်ပြီး ချင်းပြည်နယ်လူဦးရေ၏ ၈ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ကောက်ယူနိုင်ခဲ့သည်။
ဒုတိယအနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်ပြီး လူဦးရေ ၁၃ ရာခိုင်နှုန်းကိုသာ ကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး ယင်းနောက်ပိုင်း နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ ရောက်မှသာ သန်းခေါင်စာရင်း ကောက်ယူမှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ သန်းခေါင်စာရင်း ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နည်းပညာရှင်များ၏ အကူအညီဖြင့် ကောက်ယူနိုင်ခဲ့သည်။
ယခု စစ်အာဏာသိမ်းပြီးချိန် စစ်ကောင်စီက ကောက်ယူသည့် သန်းခေါင်စာရင်း ကောက်ယူမှုကိုမူ နိုင်ငံတကာအဖွဲ့အစည်းများ၊ နည်းပညာရှင်များနှင့် ပညာရှင်များ ပူးပေါင်းပါဝင်မှု မရှိကြောင်း တွေ့ရသည်။
သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်သည့် အခမ်းအနားကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှ Myanmar International Convention Center (MICC-2) တွင် ယနေ့ကျင်းပခဲ့ခြင်းဖြစ်သည်။