ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက မိုင်းနင်းမိ၍ အသက် ၄၀ ကျော်နှင့် ၃၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံရွာသားများထံမှသိရသည် ။
ဇာဒီရွာထဲမှ တံတားနှစ်စင်းအကြား ရွာပတ်လမ်းတွင် ဆိုင်ကယ်စီးလာစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။
“ဆိုင်ကယ်မှာ အတော်ထိသွားတယ်။ သူ့မောင်မှာက လက်မှာထိတယ်။ အစ်မမှာက ပေါင်မှာထိတယ်” ဟု ဖြစ်စဥ်ကိုသိရှိသည့် ဇာဒီရွာသားတစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင်လည်း ဇာဒီရွာ တံတားကြီးအနီး မိုင်းတစ်လုံးပေါက်ကွဲခဲ့၍ (ယမန်နေ့)တစ်ရက်တည်းတွင်ပင် ဇာဒီရွာတွင် မိုင်းနှစ်ကြိမ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၂၉ ရက်တွင်လည်း ဇာဒီရွာနှင့် ခေါင်ပြန်ရွာ အကြားရှိ လယ်ကွင်းပြင်တွင် နွားတစ်ကောင် မိုင်းနင်းမိ၍ သေဆုံးခဲ့သေးသည်။
စစ်ကောင်စီစစ်ကြောင်း ထိုးပြီးနောက် ပြန်ထွက်သွားစဥ် ဇာဒီရွာကျေးရွာအတွင်း မိုင်းများထောင်ခဲ့၍ နေ့တိုင်းနီးပါး ပေါက်ကွဲမှုဖြစ်နေပြီး လူထိခိုက်မှုများပါရှိလာသဖြင့် ဒေသခံများကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ရန် စိုးရိမ်နေကြသည်။