<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၇)
အပိုင်း-၆- (မင်းသမီးခစန်းခွာစစ်နှင့် နောက်ဆက်တွဲပြသာနာများ)
အခန်း-၅၈
(၁) စစ်ပူချိန်မှာ ကတိတည်ဖို့မလွယ်ပါ
ဒီလိုနဲ့ ရင်း-၁၀ ဌာနချုပ်ကနေ အမိုရွာဆီ ကုန်းကြောင်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားလမ်းကြမ်းအတိုင်း ပြန်လာလို့ လမ်းမှားစရာမရှိဘူးဆိုပေမယ့် အခြေနေက ပုံမှန်မဟုတ်။ ဆင်ဖြူတိုင်ဘက်က နဝတ-တပ်တွေ နယ်ကျွံပြီး ဒီကားလမ်းဝန်းကျင်ဆီ ရောက်လာနိုင်သလို KNU ဖက်က စစ်ကူလိုက်လာတဲ့တပ်တွေနဲ့ လမ်းမှာတိုးပြီး လူမှားပစ်ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဘာတပ်နဲ့မှ မတိုးပဲ ည ၆-နာရီခွဲလောက် မှောင်စပြုချိန်မှာ အမိုရွာဆီ ကျနော်တို့ တပ်စိပ် ပြန်ရောက်လာပါတယ်။ အသွားတုန်းက စခန်းချခဲ့တဲ့ ရင်း-၁၀ တပ်ထောက် ဗိုလ်ကြီးအိမ်ဘေးက အိမ်သေးသေးတအိမ်မှာ စခန်းချပြီး တပ်ထောက်ဗိုလ်ကြီးအိမ်မှာပဲ ထမင်းတောင်းစားရပါတယ်။
နေ့ချင်းပြန်ဆိုပြီး ထွက်လာတဲ့အတွက် ကျနော်တို့မှာ ဆန်နဲ့ရိက္ခာတွေ ဘာမှ ပါမလာပါဘူး။ နောက်တနေ့ မိုးလင်းတော့ လှေကြုံတစီးကိုတားပြီး ကိုအောင်မျိုးမင်းနဲ့အတူ ကျနော်နဲ့ ရဲဘော် ၃-ဦး လိုက်လာခဲ့ပါတယ်။ တပ်စုမှူး ကိုရဲမင်းအောင်နဲ့ အဖွဲ့ကိုတော့ လှေမဆံ့တဲ့အတွက် အမိုမှာပဲ ခဏနေခဲ့ဖို့၊ ကျနော်တို့ စခန်းရောက်ပြီးမှ တပ်ရင်းလှေကို အကြိုလွှတ်လိုက်မယ်လို့ပြောပြီး ဆင်းလာခဲ့ပါတယ်။
ဒါပေမယ့် အမိုကနေ ၁၅-မိနစ်လောက် မောင်းပြီးတာနဲ့ ဝန်များလို့ လှေမနိုင်ဘူး။ ရဲဘော်တွေ ဆင်းပေးပါဆိုပြီး လှေသမားက ဖောက်ပါလေရော၊ လှေသမားကို ကြည့်ရတာ မျက်စိမျက်နှာ အတော်ပျက်နေပြီး နဝတ ထိုးစစ်ကို အလွန်ကြောက်နေပုံရပါတယ်။
သူဟာ ဆင်ဖြူတိုင်ဘက်ကနေ ပစ္စည်းတွေသယ်၊ ထီးထာဘက် ပြေးဆင်းလာစဉ် KNU စစ်သားတွေကတားပြီး ကျနော်တို့ကို ထည့်ပေးလိုက်တာ ဖြစ်ပုံရပါတယ်။ KNU ရှေ့မှာ ကျနော်တို့ကို လက်ခံလာပေမယ့် အခု KNU တပ်မရှိတဲ့ နေရာမှာတော့ ကျနော်တို့ “ကျိုးဖိုး တပ်” ကို ကြောက်ရွံ့ပုံမပြပဲ လှေပေါ်က မောင်းချနေပါပြီ။
အားနာတတ်တဲ့ မောင်ကျိုးဖိုးတွေကလည်း နှစ်ခါမပြောရပါဘူး။ “အရေးပေါ် သတင်းပို့စရာရှိတဲ့ သူ့ကိုသာ ရအောင်သယ်သွားပေးပါ” လို့ ပြောပြီး ကိုအောင်မျိုးမင်းကို မရမက ထည့်ကာ ကျနော်နဲ့ ကျန်ရဲဘော် ၃- ဦး လှေပေါ်ကပြန်ဆင်းကာ ချန်နေလိုက်ပါတယ်။
အခုတိုင်းဆို မင်းသမီးစခန်းဆီ ကုန်ကြောင်းခရီးရှည် ချီတက်ရမှာပေါ့။ အမိုနဲ့ မင်းသမီကြား လှေစီးပြီး၊ ကားစီးပြီး မကြာခဏ ကျနော်သွားဖူးပေမယ့် ကုန်းကြောင်းတခါမှ မလျှောက်ဖူးပါ။ သစ်မောင်ခိုကားလမ်းရဲ့ ဖုန်ထူထူကို နေပူပူအောက်မှာ လျှောက်ဖို့ အားတင်းလိုက်ပါတယ်။ ဖုန်ထူ နေပူတဲ့အပြင် စစ်ကလဲ ပူချိန်။ ကျနော်တို့အင်အားကလည်း ၄-ဦးတည်းဆိုတော့ စိတ်ထဲမှာ သိပ်ဂဏာမငြိမ်လှ။
သတိ ဝိရိယကြီးစွာနဲ့ တနာရီနီးပါး လျှောက်ပြီးချိန်မှာတော့ စစ်ကူလိုက်လာတဲ့ KNU စစ်ကြောင်းကြီးတခုနဲ့ လမ်းမပေါ်မှာ တည့်တည့်ကြီး သွားတိုးပါတယ်။ ကျနော်တို့မှာ ဘာဆက်သွယ်ရေးစက်မှ မပါတဲ့အတွက် ဒီလမ်းပေါ် သူတို့လာနေမှန်းလည်း ကြိုသိမထားပါဘူး။ ဒါပေမယ့် ကံကောင်းတာက စစ်ကြောင်းရှေ့မှာ ဆိုင်ကယ်တစီး ရှေ့ပြေးပါလာလို့ တော်ပါသေးတယ်။ “ကျိုးဖိုး၊ ကျိုးဖိုး” လို့ အော်ပြီးပြောတော့ ဆိုင်ကယ်စီး ကရင်ဗိုလ်က ကျနော့်ကို မှတ်မိသွားပါတယ်။
သူများတွေ ရှေ့တန်းကို စစ်ကူသွားဖို့ တက်လာချိန်မှာ ကျနော်တို့က အဲဒီရှေ့တန်းကနေ စစ်မတိုက်ပဲ ပြန်လာသူတွေလို ဖြစ်နေတော့ စိတ်ထဲမှာ သိပ်မလုံလှ။ ဒါပေမယ့် ဒီစစ်ကြောင်းကို ဦးစီးလာတဲ့ ဗိုလ်ဒူးနာ (နောက်ပိုင်း ရင်း-၁၀ တပ်ရင်းမှူးလို့ ထင်ပါတယ်) ဟာ အရင် DAB စစ်ကြောင်းတုန်းက ကျနော်နဲ့ တွေ့ဖူးသူဖြစ်တဲ့အပြင် DVB သတင်းထောက်မှန်းလည်း ကျနော့်ကို သိနေသူဖြစ်ပါတယ်။
သူတို့တပ်ဖွဲ့နဲ့ ခဏရပ်စကားပြောပြီးတဲ့နောက် “လှေအဆင်မပြေလို့ ကျနော်တို့အဖွဲ့ ကုန်းကြောင်းလျှောက်နေရတဲ့ အကြောင်း၊ တပ်ရင်းလှေ ဒီနေ့ပို့နိုင်ဖို့ အချိန်မမီနိုင်တော့ကြောင်း” ပါဝင်တဲ့ စာတိုတစောင်ရေးပြီး အမိုမှာ ကျန်နေတဲ့ ကိုရဲမင်းအောင်တို့ တပ်စိပ်ဆီ ပို့ပေးဖို့ ဗိုလ်ဒူးနာနဲ့အတူ ကျနော်ရေးပေးလိုက်ပါတယ်။
ဒါပေမယ့် ကံဆိုးချင်တော့ စစ်ပူချိန်မှာ အရင်လို အေးအေးဆေးဆေး စာသွားပေးနေဖို့ ဘယ်အချိန်ရပါ့မလဲ။ အဲဒီစာကို သူလက်ခံရရှိခြင်း မရှိသလို ဗိုလ်ဒူးနာနဲ့လည်း သူမတွေ့လိုက်ရတဲ့အတွက် အဲဒီနေ့ ညနေအထိ သူတို့ လှေစောင့်နေခဲ့ကြကြောင်း။ အချိန်မီ လှေပေါ်မလာလို့ ကျနော်တို့အပေါ် ကတိမတည်သူတွေအဖြစ် သူမြင်ခဲ့ကြောင်း ကိုရဲမင်းအောင်က နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။
————————-
(၂) အစောဆုံးပြေးဖို့ တာဝန်ပေးအပ်ခြင်းခံရသူ
ကျနော်တို့ကတော့ ဒါတွေကိုမသိ၊ စာပေးခဲ့ပြီးတဲ့နောက် ဖုန်ထူထူ နေပူပူကို နောက်ထပ် တနာရီကျော် ထပ်လျှောက်ပြီးတဲ့ အခါမှာတော့ ထီးထာရွာစပ်နားဆီ ရောက်လာပါတယ်။ အရင်လို လုံခြုံရေးဂိတ်က စစ်ဆေးတာ၊ ရွာသူရွာသားတွေ သွားလာနေတာ မတွေ့ရတော့ စိတ်ထဲမှာ တမျိုးကြီးပါပဲ။
ထီးထားရွာထဲ ရောက်တဲ့အထိ ခြောက်ကပ်ကပ်။ ဒါဟာ မနေ့မနက်ပိုင်းက ကျနော်တို့အဖွဲ့ ထီးထားကိုဖြတ်ပြီး အမိုရွာဆီ တက်သွားစဉ်ကနဲ့ တခြားစီ။ မနေ့က စည်းကားနေတဲ့ရွာလယ်မှာ ဒီနေ့ လူသံတိတ်ဆိတ်လို့။ KNU ကားတစီးစ၊ နှစ်စီးစ ဖြတ်သွားတာ၊ အရပ်သားကားတစီးစ၊ နှစ်စီးစ ပစ္စည်းတွေသယ်ပြီး ထွက်သွားတာကိုသာ မြင်နေရပါတယ်။ အရင်က ကျနော်တို့ ကျောင်းသားတွေ ကော်ဖီအကြွေးသောက်နေကြ ထီးထာ အထက ကျောင်းရှေ့က နော်ဖောကေလာဆိုင်လည်း တခါးပိတ်လျက်။
လူမရှိတဲ့ဆိုင်မှာ ခဏနားနေစဉ် ဆိုင်ကယ်တစီးနဲ့ ရောက်လာတဲ့ ကရင်ထောက်လှမ်းရေးက တပ်ကြပ်တဦးကိုတားပြီး သတင်းမေးကြည့်တော့ ထီးထာ ဟိုဖက်ကမ်း၊ အရင်က ကျနော်တို့စခန်းဟောင်း မောင်တော်ဖက်ဆီ ရန်သူစစ်ကြောင်းတခု လာနေပုံရတယ်လို့ ပြောသွားပါတယ်။
ဒါဆိုရင် နဝတ-စစ်ကြောင်းဟာ မေတ္တာ၊ ဆင်ဖြူတိုင်ဘက်က တကြောင်းတည်းမဟုတ်ပဲ အရင်ကျနော်တို့ တောခိုရာလမ်းကြောင်း ဘန်းချောင်းဘက်ကနေ အမရာစခန်းဆီ နောက်ကျောဘက်ကပါ နောက်တကြောင်း ထပ်ထိုးလာတဲ့သဘောလို့ ယူဆရပါတယ်။
စခန်းဆီမြန်မြန်ရောက်အောင် ဆက်လျှောက်ပေမယ့် ကျနော်တို့ စခန်းရောက်တော့ ညနေ ၄-နာရီကျော်နေပါပြီ။ ကိုဌေးအောင်ကို ကျနော် မေးကြည့်တော့ အခြေအနေဟာ ထီးထာက တပ်ကြပ်ပြောတာနဲ့ မတိမ်းမယိမ်း၊ တနင်္သာရီမြစ် အနောက်ဘက်ကမ်းဆီ နဝတ-တပ်တွေ မကြာခင် ရောက်လာနိုင်ဖွယ်ရှိတယ်လို့ သူတို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။
“ကျန်တဲ့ကိစ္စတွေကို မင်းမေ့ထားလိုက်တော့။ ဟောဒီ အိမ်ထောင်သည်လိုင်းက လူတွေကို ဦးစီးပြီး ထီးခီဖက် အမြန်ဆုတ်ရေး ပြင်ဆင်ပါ” လို့ ကိုဌေးအောင်က ကျနော်ကို အမိန့်ပေးပါတယ်။ တကယ်က ဒီတာဝန်ဟာ ကိုမင်းအောင် (အခု အမေရိကန်) ကို ပေးထားတဲ့တာဝန်ပါ။ ဒါပေမယ့် ထိုင်းနိုင်ငံထဲရှိ NGO တွေ၊ အလှုရှင်တွေ၊ ဗဟိုဖက်က တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးနေတဲ့ ကိုမင်းအောင်က သတ်မှတ်ချိန်အထိ စခန်းကို ပြန်မရောက်သေးပါ။
ဆိုလိုတာကတော့ နဝတ ထိုးစစ်ဟာ ကျနော်တို့မှန်းထားတာထက် ပိုစောပြီး မင်းသမီးဒေသအထိ ရောက်လာတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ နဝတ-ထိုးစစ်ကို ရှေ့တန်းစခန်း အဆင့်ဆင့်ကနေခုခံတိုက်ခိုက်ကြတဲ့အတွက် နှစ်ရက်တာ လမ်းလျှောက်ခရီးဟာ လနဲ့ချီ ကြာနိုင်တဲ့သဘောရှိပါတယ်။
ဒါပေမယ့် မင်းသမီးဒေသ ခုခံစစ်မှာ ဘာတွေပြင်ဆင်မှု အားနည်းခဲ့သလဲတော့ မသိပါ။ သီတင်းတပတ်၊ ၁၀-ရက်လောက် အတွင်း နဝတစစ်ကြောင်း ရောက်လာဖွယ်ရှိနေတဲ့အတွက် ဒီလို အမြန်မဆုတ်လို့ မဖြစ်တော့။
ထီးထာမှာ တောင်ရွာသားတွေ မရှိတော့ဘူးဆိုတော့ အမရာက ကျောင်းသားမိသားစုတွေ ဆုတ်လမ်းပိတ်ပြီး ကျန်သွားနိုင်ပါတယ်။ ဒီအတွက် ကျနော် ပြန်မရောက်ခင်ကတည်းက အိမ်ထောင်သည်လိုင်းတခုလုံး အထုပ်အပိုးကိုယ်စီနဲ့ အဆင်သင့်ဖြစ်နေကြပါပြီ။ အဲဒီအချိန် အိမ်ထောင်သည်လိုင်းကို ဦးစီးရသူ သို့မဟုတ် ကျနော်တို့အခေါ် ရွာသူကြီး နှစ်ဦးကတော့ ကိုလှရွေ (အခု ဒိန်းမတ်) နဲ့ ဦးစိုးဝင်း (အခု အမေရိကန်) တို့ ဖြစ်ပါတယ်။
——–
(၃) အမရာစခန်းမှ ထီးခီးသို့ ဆုတ်ခွာခြင်း
နောက်တနေ့မနက် မိုးလင်းရင် ခရီးထွက်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို တညလုံး သိမ်းရပါတယ်။ ကျနော် တာဝန်ယူသယ်သွားရမယ့်အထဲမှာ ရုံးပစ္စည်းတွေဖြစ်တဲ့ အရေးကြီး စာရွက်စာတန်းနဲ့ ဓာတ်ပုံတွေထည့်ထားတဲ့ သွပ်ပြားသေတ္တာ တဒါဇင်ကျော်၊ လက်နှိပ်စက်တွေ၊ မီးစက်တွေ၊ ဗွီဒီယိုစက်တွေ၊ ပြီးတော့ အိမ်ထောင်သည်လိုင်းရှိ အိမ်အမိုးတွေကနေ ခွာထားတဲ့ သွပ်ပြားချပ်ရေ ၅၀-ကျော်တောင် ပါသေးတယ်လို့ ထင်ပါတယ်။
ဒါ့အပြင် ကျနော်တို့ကျောင်းသားတွေရဲ့ ပညာရေးဘဏ်တိုက်လို့ ပြောနိုင်တဲ့ စာကြည့်တိုက်ထဲက စာအုပ်တွေ သယ်ယူသွားရေးကိုလည်း ပြင်ရပါတယ်။ သမိုင်းဆိုင်ရာ အရေးကြီးစာအုပ်တွေကိုပဲ သယ်မယ်လို့ဆုံးဖြတ်ပြီး ဒေါင်းအိုးဝေ၊ ခေတ်ပြိုင်အပါအဝင် လစဉ်ထုတ်စာစောင်တွေ၊ ဗဟိုကထုတ်တဲ့ ဒီမိုကရေစီအခြေခံ၊ လူ့အခွင့်ရေးအခြေခံ စသည်ဖြင့် ပညာပေးစာအုပ်ငယ်တွေကိုတော့ ချန်ထားခဲ့မယ်။
စာကြည့်တိုက်ထဲ ဒီတိုင်းချန်ထားရင် ဘယ်သူမှမတွေ့ပဲ မီးလောင်သွားနိုင်တယ်။ ဒီတော့ နဝတ-စစ်သားတွေ ရောက်လာရင် ဒီမိုကရေစီပညာပေး စာစောင်တွေဖတ်နိုင်အောင်ဆိုပြီး စခန်းအလယ်ရှိ ကုက္ကိုပင်ကြီးအောက် လမ်းတလျှောက်မှာ တအုပ်ချင်းစီ စီပြီး ဒီအတိုင်းဖြန့်ထားခဲ့ပါတယ်။ တပ်ဆုပ်တာကိုတောင် အပြေးအလွှားမလုပ်ပဲ ဝါဒဖြန့်ချီရေးလုပ်ဖို့ စဉ်းစားနေဆဲ ကျိုးဖိုးများရဲ့ စွမ်းပကားလို့ ပြောရလေမလားပါပဲ။
မိသားစုတွေအားလုံး အဆင်သင့်ဖြစ်ချိန်၊ ပစ္စည်းတွေအားလုံး အဆင့်သင့်ဖြစ်ချိန်မှာ အရေးပေါ် ကားလိုက်ရှာတော့ စစ်ပူတုန်း လက်ကျန်သစ်တွေ ခိုးသယ်ဖို့ရောက်လာတဲ့ ထိုင်းသစ်ကားတစီးနဲ့ တိုးပါတယ်။
ဒီတခါတော့ သေနတ်ထုတ်မပြလို့ မဖြစ်တော့။ အရေးပေါ်အခြေနေအရ ကျနော်တို့ကို ထီးခီးစခန်းဆီ လိုက်ပို့ပေးဖို့ သေနတ်ပြမေတ္တာရပ်ခံတော့ ဘတ်ငွေ-၅၀၀ နဲ့ အပေးအယူ တည့်သွားပါတယ်။ အဲဒီကားပေါ် ပစ္စည်းတွေတင်၊ လမ်းမလျှောက်နိုင်တဲ့ အမျိုးသမီးတချို့နဲ့ ကလေးငယ်တချို့ကိုတင်ပြီး ထီးခီးစခန်းဆီ ကျနော်တို့ တက်လာတော့ လမ်းတလျှောက်မှာ ကရင်ရွာသူရွာသားတွေ အများကြီးလည်း ထီးခီးဆီ လမ်းလျှောက်သွားနေကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ KNU ခရိုင်ရုံးတာဝန်ရှိသူတွေက ထီးထာကလူတွေကို ထီးခီးဆီ တရားဝင်လာခွင့် မပေးသေးတဲ့အတွက် အတော်များများဟာ လမ်းတလျှောက်မှာ တဲထိုးပြီး ယာယီစခန်းချ စောင့်ဆိုင်းနေကြပါတယ်။
ကျနော်တို့ကားကြီး ထီးခီးက ကျောင်းသားရုံးရှေ့ရောက်တော့ ပဒိုနီးနီ အပါအဝင် KNU အရာရှိတချို့ လာကြည့်ပြီး စစ်မရောက်ခင် ကြိုပြေးလာသူတွေအဖြစ် ကျနော့်ကို အပြစ်တင်တဲ့လေသံနဲ့ ပြောသွားပါတယ်။ ကျနော်လည်း အခြေနေကို ရှင်းမပြနိုင်တော့။ ကားပေါ်က ပစ္စည်းတွေကို အမြန်ချ။ ပါလာတဲ့ သွပ်ပြားတွေနဲ့ ကျောင်းသားရုံးဘေးမှာ ယာယီအမိုးလုပ်ပြီး အိမ်ထောင်သည်လိုင်းက အမျိုးသမီးနဲ့ ကလေးတွေအတွက် နေရာပြင်ပေးရပါတယ်။
ကျနော်တို့က ဒီလို ပြာယာခတ်ပြီး ပြင်နေပေမဲ့ ထီးခီးရှိ KNU တာဝန်ရှိသူတွေကို ကြည့်ရတာ အေးအေးဆေးဆေးပါပဲ။ နဝတ-စစ်ကြောင်း တော်ရုံနဲ့ ထီးခီးကို ရောက်လာမယ့်ပုံ မရှိသေးဘူးဆိုတဲ့ အထာမျိုးနဲ့ပါ။ တချို့ကောလာဟလ သတင်းတွေအရဆိုရင် အမို-ဘောတီ လမ်းခွဲလောက်အထိပဲ နဝတ-က ထိုးစစ်ဆင်ပြီး ထီးခီးဖက်ကို မထိုးပဲ ချန်ထားမယ်လိုလို သတင်းတွေ ထွက်နေပါတယ်။
ဒါပေမယ့် ကျနော်တို့ကတော့ လုပ်စရာရှိတာတွေကို အစီစဉ်အတိုင်း ဆက်လုပ်နေပြီး အရေးကြီးပစ္စည်းတွေကို ထိုင်းနယ်မြေထဲရှိ ဖုနန်းလွန်ရွာက ထိုင်းထောက်လှမ်းရေးအိမ်နဲ့ ဟွေးနန်းခေါင်ရွာရှိ ကျနော်တို့ ယာယီရုံးခန်းဖွင့်ထားတဲ့ အိမ်တွေဆီ အမြန်ပို့လိုက်ပါတယ်။
ညနေမိုးချုပ်ခါနီးမှာတော့ လမ်းလျှောက်တက်လာကြတဲ့ အိမ်ထောင်သည်လိုင်းက မိသားစုတွေအားလုံး ထီးခီရုံးဆီ ရောက်လာကြပါတယ်။ ပျိုးပန်းဝေကျောင်းက ကျောင်းသားလေးတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အသက်ကြီး ပုဂ္ဂိုလ်တွေပါ ပေါင်းလိုက်ရင် လူဦးရေ ၆၀-ကျော် ၇၀-လောက်အထိ ရှိမယ်လို့ ကျနော်ထင်ပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၉) >>>>>
ထက်အောင်ကျော်