Princes in The Darkness 1990s
အခန်း(၄)
“ဟိတ်..ကိုဗျာဟုတ်”
အနောက်မှ ကျောကုန်းကို ဖတ်ခနဲ ရိုက်လိုက်သည်ကြောင့် ဗေဒါက ရုတ်တရတ်လက်ကို အသင့်အနေအထား ရွယ်လိုက်သည်။
“အံမယ်လေး.မလုပ်ပါနဲ့ရှင်..တို့..ပါ..ကိုဗေဒါကြီးရဲ့”
“သုံးရာသီ”လက်ဖက်ရည်ဆိုင်တွင် ကိုပိုင်သတို့နှင့် ထိုင်နေစဉ် မထင်မှတ်ပဲ ရောက်လာသည့် သိင်္ဂီလင်းကြောင့် ဗေဒါမှ အံဩသွား၏။
အနောက်တွင် ပီတိကပ်ပါလာသော အံဩမှုမျိုး။
“ဟဲ့..သိင်္ဂီ..ညည်းက ဗေဒါနဲ့ သိနေတာလား”
ကိုပိုင်သ က မေးလိုက်၏။
“သိပ..မနေ့ညက မဟာဝိုင်းက ပြန်တော့ သူပဲ အိမ်ပြန်လိုက်ပို့တာလေ…အဲ့ဒါကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး”
သိင်္ဂီလင်းက ခွေးခြေခုံကို ဆွဲယူကာ ဗေဒါဘေးတွင် ကပ်ထိုင်ရင်း ပြောလိုက်၏။
“အေး..ဒါဆိုအတော်ပဲ..ဒီကောင်ကလည်း ပရိုဂျူဆာရူး ရူးနေတာဆိုတော့…နင့်ကို မင်းသမီးတင်ရိုက်လိုက်…ပြီးပြီ”
“အင်း..အဲ့ဒါမေးချင်နေတာ..ဒီလောက်ရှုပ်ယှက်နေတဲ့လောကထဲကို..ယူက ဘာလို့ ဝင်ချင်ရတာလဲဟယ်”
“ကျွန်တော်လည်း ဝင်ရှုပ်ချင်လို့ပေါ့ဗျာ”
“အယ်လဲလဲ..ယူကလည်း အလာကြီးပါလား”
သိင်္ဂီလင်းက ဗေဒါ၏ ပုခုံးကို သူမ၏ ပုခုံးဖြင့် တိုက်လိုက်သည်။
အသားချင်းဖြတ်ခနဲထိလိုက်ချိန်တွင် ဗေဒါ၏ ရင်ထဲတွင်လည်း လျှပ်စီးများလက်ခနဲ။
ထိုနေ့မှစ၍ ဗေဒါနှင့် သိင်္ဂီလင်းတို့မှာ တရားဝင်အတွဲအဖြစ် သုံးဆယ့်ငါးလမ်းတစ်ခုလုံးက တစ တစ လက်ခံလိုက်ကြတော့သည်။
သိင်္ဂီလင်း၏ အလှ၊ သိင်္ဂီလင်း၏ အယုအယ၊ သိင်္ဂီလင်း၏ အထိအတွေ့တွင် ဗေဒါမှာ အရူးအမဲသားကျွေးသလိုဖြစ်ခဲ့ရ၏။
မကြာမီ သိင်္ဂီလင်းသည် ဗေဒါ၏ ကျောက်မြောင်းတိုက်ခန်းသို့ ပြောင်းလာကာ နှစ်ဉီးသဘောတူ အတူနေဖြစ်ကြသည်။
ဗေဒါအတွက် မိုးမမြင်လေမမြင်ကာလများပင်။
သိင်္ဂီလင်းက သူကိုယ်တိုင်လည်း ရုပ်ရှင်၊ဗီဒီယိုများ ဆက်မရိုက်တော့သလို..ဗေဒါ၏ ပရိုဂျူဆာလုပ်မည့် အစီအစဉ်ကိုလည်း တားမြစ်ခဲ့သည်။
နှစ်ဉီးသား ရန်ကုန်မြို့ရှိ နာမည်ကြီး ဖဲဝိုင်း၊ ဂျင်ဝိုင်းများတွင် အတွဲညီညီ ကြင်လည်ကြ၏။
နဂိုကပင် ဖန်စီဒိုင်းချစ်သူ သိင်္ဂီလင်းနှင့် ဆေးခြောက်ချစ်သူ ဗေဒါတို့တွဲမိသည့်အခါ မူးယစ်သံသရာထဲ လွင့်ကြပြန်သည်။
တစ်နှစ်ကျော်ကြာလာသည့်အခါ ဗေဒါ၏ အမွေများလုံးပါးပါးလာ၏။
ကားကလေးရောင်းလိုက်ရပြီ။ ထို့နောက်..တိုက်ခန်း။
တိုက်ခန်းကို ရောင်းချပြီးနောက် ဘားလမ်းရှိ အခန်းတစ်ခန်းကို သူတို့နှစ်ဉီး ငှားနေလိုက်ကြ၏။
မကြာမီ ဗေဒါလက်ထဲတွင်ရှိသည့်လက်ကျန်ငွေကလေးကို ဗိုလ်ချုပ်ဈေးရှိ ကျောက်ကုန်သည်များနှင့် အလုပ်လုပ်ရန်ဟုဆိုတာက သိင်္ဂီလင်းက တောင်းယူသွားသည်။
ဘားလမ်းရှိ တိုက်ခန်းအငှားစာချုပ်သစ်ချုပ်ရန် တစ်ပတ်ခန့်အလိုတွင် သိင်္ဂီလင်း အိပ်ပြန်ရောက်မလာ။
ဗေဒါမှာ စိတ်ပူပူဖြင့် နေရာအနှံ့လိုက်စုံစမ်း၏။
နောက်ဆုံး ဗိုလ်ချုပ်ဈေးကျောက်ကုန်သည်အသိုင်းအဝန်းမှ သိလိုက်ရသည်က မန္တလေးမှ ကျောက်ပွဲစား တစ်ဉီးနှင့် သိင်္ဂီထွန်းလိုက်ပြေးသွားခဲ့ပြီ။
ဗေဒါက ရှက်စိတ်၊ နာကြည်းစိတ်တို့နှင့်အတူ အသဲကွဲသည့် ဝေဒနာကို လူးလိမ့်ခံစားသည်။
သို့သော် ကြာကြာခံစားချိန်ကမရှိ။
သူ့လက်ထဲတွင် ငွေလက်ကျန်အနည်းငယ်သာရှိတော့သည်။
အိမ်ပေါ်မှလည်း မကြာခင်ဆင်းပေးရတော့မည်။
အဝတ်အစားသုံးလေးစုံကို ကျောပိုးအိတ်ထဲထည့်ကာ ဗေဒါအိမ်ပေါ်မှ ဆင်းလာခဲ့သည်။
တိုက်ခန်းကို သော့ပင်မခတ်ခဲ့။ သိင်္ဂီလင်းနှင့်ပတ်သက်ခဲ့ဖူးသမျှ မည်သည့်အရာဝတ္ထုကိုမျှ သူမခင်တွယ်ချင်တော့။
ဆူးလေးလမ်းမတွင် ငုတ်တုတ်ထိုင်ရင်း…လမ်းသွားလမ်းလာများကို ထိုင်ငေးနေမိသည်။
ထောင်မှလွတ်ပြီး တစ်နှစ်ခွဲကာလအတွင်းတွင်ပင် သူဘဝသည် လမ်းပေါ်သို့ ရောက်ခဲ့ပြီ။
ယခုအချိန်မှာ အမများ၏ အိမ်ပေါ်သို့တက်ကာ အသနားခံရန်လည်း သူ့မာနကခွင့်မပြု။
ထောင်ထဲတွင်ကမှ နေစရာရှိသေး၏။
ထောင်အကြောင်းတွေးမိသည့်အခါ သူသတိရသည်က စိုးမြတ်။
သူထောင်မှလွတ်ပြီး မကြာမီ စိုးမြတ်သည် နိုင်ငံရေးအကျဉ်းသားများနှင့် ပြဿနာတက်မိသောကြောင့် သရက်ထောင်သို့ ထောင်ပြောင်းခဲ့ရသည့် သတင်းကို ကြားခဲ့ရသည်။
စိုးမြတ်အကြောင်းစဉ်းစားမိမှ စိုးမြတ်သူ့အား အလွတ်ကျက်ခိုင်းခဲ့သည့် လိပ်စာနှင့် စကားဝှက်ကို သတိရသွား၏။
သူ ယခုထိ အလွတ်ရနေသေးသည်ပဲ။
ဗေဒါ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဘဝက ဖြစ်ချင်တာမဖြစ်ရလျှင်..ဖြစ်ချင်ရာဖြစ်။
………………………
ပထမအကြိမ်။
ဒုတိယအကြိမ်။
သုံးကြိမ်မြောက်ဘဲလ်တီး၍မှ ထွက်မလာလျှင်တော့ သူလှည့်ပြန်တော့မည်။
စိုးမြတ်ပေးခဲ့သည့်လိပ်စာအတိုင်း ယောမင်းကြီးလမ်းရှိ ခြံတစ်ခြံရှေ့သို့ ဗေဒါရောက်လာခြင်းပင်။
လူကြည့်ပေါက်မှ တံခါးလေးခပ်ဟဟပွင့်လာ၏။
“ဘယ်သူနဲ့တွေ့ချင်လို့လဲ”
သူနှင့်အသက်မတိမ်းမယိမ်းရှိမည့် မိန်းကလေးတစ်ယောက်။
အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ မျက်ရစ်မပါသောမျက်လုံးဝိုင်းဝိုင်းလေးများ။
သူက စိုးမြတ်သင်ပေးလိုက်သည့် စကားဝှက်ကို ပြောလိုက်သည်။
“အမှောင်ထဲက မင်းသားတစ်ယောက်ပါ။ အပြန်အလှန်အကျိုးစီးပွားအတွက် မိသားစုထဲ ဝင်ချင်လို့”
အမျိုးသမီးလေးက သူ့စကားကို နားမလည်သလိုတချက်ကြည့်လိုက်၏။
ထို့နောက် တစုံတရာကို စဉ်းစားမိသွားဟန်ဖြင့်။
“ခဏစောင့်ဉီးနော်”
ချောင်းကြည့်ပေါက်ပြန်ပိတ်သွားသည်။
တစ်မိနစ်ခန့်အကြာတွင် တံခါးပွင့်လာ၏။
အဖြူရောင်လက်ပြတ်အင်္ကျီဖြင့် အနီရောင်စကပ်အတိုကိုဝတ်ထားသော အမျိုးသမီးလေးက သူ့ကို ခြံထဲဝင်ခဲ့ရန် အချက်ပြလိုက်သည်။
“အိမ်ထဲကို ကျွန်မနဲ့လိုက်ခဲ့”
သူမ၏ လေသံက ဖော်ရွေမှုမရှိ။
တိုင်းရင်းသူတစ်ယောက်ဟန်ပန်ဖြင့်ကြည့်ကောင်းသော်လည်း မျက်နှာထားမှာ ရိုဘော့ စက်ရုပ်တရုပ်လို အေးတိအေးစက်။
ဗေဒါက သစ်ပင်ဝါးပင်အဆန်းများဖြင့် ထည်ဝါလှသော ခြံကြီးကို ငေးကြည့်နေသည်။
ခြံထဲတစ်နေရာတွင် သူမြင်ပင်မမြင်ဘူးသည့် နောက်ဆုံးပေါ်ကားများနှင့် အခြားကားအစီးပေါင်းများစွာကို တန်းစီရပ်ထား၏။
အမျိုးသမီးက နန်းတော်ကြီးကဲ့သို့ ခမ်းနားသည့် အိမ်ဆီသို့ သူ့ကို ဉီးဆောင်ခေါ်သွားသည်။
“အဲ့ဒီမှာ ခဏထိုင်စောင့်ပါ”
မှန်အပြည့်ကာထားပြီး ကျွန်းဆက်တီများချထားသည့် အခန်းကျယ်ကြီဆီသို့ သူမက လက်ညိှးထိုးပြပြီး ထွက်ခွာသွား၏။
ဗေဒါက အခန်းထဲရှိ ဆက်တီခုံပေါ်တွင် ထိုင်လိုက်သည်။
အခန်းတစ်ခုလုံးတွင် တရုတ်ရှေးဟောင်းကြွေပန်းအိုးကြီးများ၊ နဂါးပန်းပုရုပ်များဖြင့် အလှဆင်ထား၏။
ဗေဒါက ထိုအရာများကို ငေးကြည့်နေစဉ် သူ့ရှေ့သို့ လူတစ်ဉီးရောက်လာသည်။
စွပ်ကျယ်အဖြူ၊ ဘောင်းဘီတိုဖြင့် အိမ်နေရင်းပုံစံဝတ်စားထားသော လူတစ်ယောက်။
အသားဖြူဖြူပိန်ပိန်ပါးပါးဖြင့် မျက်လုံးများက ကျဉ်းမြောင်းစူးရှ။
သူမနဘေးတွင် ရိုကျိုးစွာရပ်နေသော အမျိုးသမီးကို မြင်မှ ဗေဒါက အလန့်တကြားထရပ်ရန် ပြင်လိုက်သည်။
ထိုသူက လက်ကာပြပြီး ပြန်ထိုင်နေရန် အချက်ပြလိုက်၏။
ဗေဒါရှေ့တည့်တည့်ရှိ ခုံတွင် ထိုသူက ခြေထောက်ကို ချိတ်ကာ ထိုင်လိုက်သည်။
“မင်း..စကားဝှက်ကို ဘယ်ကရလဲ”
“ကိုစိုးမြတ်ဆီကပါ”
“ဘယ်ကကိုစိုးမြတ်လဲ..ငါမသိဘူး”
“ကျွန်တော်အင်းစိန်ထောင်ထဲမှာ သိခဲ့တဲ့…တန်းစီးချုပ်စိုးမြတ်ပါ”
ထိုသူက ခေတ္တမျှ စဉ်းစားနေသည်။
“ထားပါ..မင်းပြောတဲ့လူကို ငါမသိဘူး….ဒါပေမယ့်..ဒီစကားဝှက်ကတော့…ငါ့တို့နဲ့ လက်တွဲအလုပ်လုပ်နိုင်မယ့် လူသစ်တစ်ယောက်ယောက်ကို ရှာပေးဖို့ လုပ်ထားတဲ့ စကားဝှက်ပဲ… ငါ့တပည့်တွေကလည်း စိတ်ချရတဲ့သူကိုပဲ ဒီစကားဝှက်ပေးမှာပါ”
“ဟုတ်ကဲ့”
“မင်းပုံစံနဲ့ ဒီစကားဝှက်ကိုရခဲ့တာ ငါစိတ်ဝင်စားတယ်..မင်းအကြောင်း အစအဆုံး မချွင်းမချန် ငါ့ကို ပြောပြနိုင်လား”
“ဟုတ်ကဲ့..ပြောပြနိုင်ပါတယ်”
“ကဲ.ပြောကြည့်”
ဗေဒါက သူ၏ မိသားစုအသိုင်းအဝိုင်းမှစတင်ပြီး လူသတ်မှုဖြစ်သည်အထိ၊ ထောင်ကျပြီး ထောင်မှလွတ်ပြီးနောက် သူ၏ နောက်ဆုံးအခြေအနေများအထိ ပြောပြမိလိုက်သည်။
သူ့တွင်ရင်ဖွင့်စရာမရှိသည့်အတွက် ရင်ဖွင့်သည့်သဘောဖြင့် ပြောပြမိသကဲ့သို့ ထိုသူကလည်း သူ့စကားကို စိတ်ဝင်တစားနားထောင်ပေးခဲ့၏။
“အင်း…မင်းအကြောင်းကြားရတာ..ငါစိတ်မကောင်းပါဘူး…ဘာပဲဖြစ်ဖြစ်…ငါ မင်းကို သဘောကျပါတယ်…မင်း..ငါနဲ့အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား”
“ဆုံးဖြတ်ပြီးပါပြီ”
ဗေဒါက ခေါင်းညိတ်လိုက်သည်။
“နေဉီး..စွတ်ခေါင်းညိတ်မနေနဲ့..ဂျာနူး..စာချုပ်သွားယူပေးလိုက်”
စက်ရုပ်မလေး၏ နာမည်ကို ဂျာနူး မှန်း သူသိလိုက်ရသည်။
ဂျာနူးက အခန်းထဲပြန်ဝင်လာပြီး သူ့ရှေ့သို့ စာရွက်တစ်ရွက်ကို ထိုးပေးလိုက်၏။
စာရွက်ထဲတွင် တရုတ်၊မြန်မာနှစ်ဘာသာဖြင့် ရေးထားသော စာကြောင်းလေးကြောင်းရှိနေသည်။
(၁) လော မိသားစု ၏ သစ္စာကိုစောင့်တည်ပါမည့်အကြောင်း ငါ၏ အသက်နှင့်ရင်းကာ ကျိန်ဆိုပါသည်။
(၂) လောမိသားစု ၏ ပေးအပ်သောတာဝန်များကိုကို ထမ်းဆောင်သည်မှအပ ငါသည် ဘာမျှ မမြင်ပါ၊ ငါသည်ဘာမျှမကြားပါ၊ ငါသည် ဘာမျှမသိပါ။ ငါသည် ဘာမျှ မပြောပါ။
(၃) လော မိသားစု၏ အကျိုးစီးပွားသည် ငါ့အကျိုးစီးပွားဖြစ်ပြီး..ငါ့အကျိုးစီးပွားသည် လောမိသားစု၏ အကျိုးစီးပွားဖြစ်သည်။
(၄) ငါတို့၏အကျိုးစီးပွားကို ဖောက်ဖျက်သူမည်သူကိုမဆို ငါလက်စားချေမည်။ ငါကိုယ်တိုင် ငါတို့၏ အကျိုးစီးပွားကိုဖောက်ဖျက်သူဖြစ်ပါက…ငါ့အား မိသားစုက စီရင်ခြင်းကို ခံယူမည်။
တရုတ်စာလုံးကြီးဖြင့် ချိတ်တံဆိပ်နှိပ်ထားသော စာချုပ်ကို ဗေဒါက အပြန်ပြန်အလှန်လှန်ဖတ်ကြည့်နေသည်။
စာချုပ်ကိုဖတ်မိမှပင် သူပတ်သက်နေသည်မှာ လောမိသားစုမှန်း သိလိုက်ရ၏။
ထောင်မှလွတ်ပြီးသည့် ကာလများတွင် လောမိသားစုအကြောင်း သူ အနည်းငယ်ကြားဖူးထားသည်။ စစ်အစိုးရနှင့် ဝ၊ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးရယူစဉ်တွင် လောမိသားစုသည် အဓိကနေရာမှ ပါဝင်ခဲ့၏။
လောမိသားစု၏ ဖခင်ကြီးမှာ မူးယစ်ဆေးကုန်သည် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဉီးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်ကိစ္စများတွင် နဝတအစိုးရကို အကူအညီများစွာပေးခဲ့သူဖြစ်သည်။
အပြန်အလှန်အနေဖြင့် နဝတအစိုးရ က လောမိသားစုအား မြန်မာပြည်အနှံ့အပြားတွင် တရားဝင်ရော၊ တရားမဝင်လုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့်များပေးခဲ့သည်။
လောမိသားစု၏ အင်ပါယာကား တဖြည်းဖြည်းကျယ်ပြန့်လာနေချိန်လည်းဖြစ်၏။
ဗေဒါက ထိုအကြောင်းကို စဉ်းစားရင်းချီတုံချတုံဖြစ်နေသည်။
“ကဲ..ဘယ်လိုလဲ..ဒီစာချုပ်ပါအချက်တွေကို မင်းလက်ခံလား….လက်ခံတယ်ဆို.. လက်မှတ်ထိုးရမယ်..လက်မခံဘူးဆို ငွေသုံးသောင်းယူပြီး..ဒီခြံထဲက ထွက်သွားလို့ရပြီ”
ဗေဒါ ဘာမှ မစဉ်းစားချင်တော့။
သူ့ဘဝကို တနေရာရာတွင် အသစ်ပြန်စချင်စိတ်သာ ရှိတော့သည်။
“ကျွန်တော်လက်ခံတယ်”
ထိုသူက ဗေဒါကို လက်ကမ်းပေးသည်။
ဗေဒါက လက်ဆွဲနှုတ်ဆက်လိုက်၏။
“ငါ့နာမည် မစ္စတာလု လို့သာ မင်းမှတ်ထားလိုက်ပါ..ဒါနဲ့..မင်းကားမောင်းတတ်လား”
“ဟုတ်ကဲ့..မောင်းတတ်ပါတယ်”
“ကဲ..ဂျာနူး….ကျန်တဲ့ကိစ္စ..နင်ဆက်လုပ်လိုက်တော့”
မစ္စတာလုက သူ့ကို တချက်ပြုံးပြကာ အခန်းထဲမှ ထွက်သွား၏။
အခန်းထဲတွင် စက်ရုပ်မနှင့် သူသာ ကျန်တော့သည်။
“ရှင်..ဒီမှာ ခဏစောင့်”
စက်ရုပ်မ ပြန်ရောက်လာပြီး မစ္စတာလုထိုင်သွားသည့် ခုံတွင် ဝင်ထိုင်လိုက်၏။
ထို့နောက် ဖောင်တိန်တစ်ချောင်းကို သူထံထိုးပေးလိုက်သည်။
“စာချုပ်ရဲ့ ဒီနေရာမှာ ရှင့်လက်မှတ်ထိုး”
ဗေဒါက လက်မှတ်ထိုးလိုက်သည်။
ဗေဒါ၏ ရှေ့သို့ သော့နှစ်ချောင်းရှောခနဲရောက်လာ၏။
သူက နားမလည်ဟန်ဖြင့် ဂျာနူးကို မော့ကြည့်လိုက်သည်။
“ဒီတစ်ခုက ရှင်..နေရမယ့် တိုက်ခန်းသော့…သော့ချိတ်မှာ လိပ်စာတစ်ခါတည်းပါတယ်..ဒါက ရှင့်အတွက် ကား….ခြံထောင့်မှာရပ်ထားတဲ့ ဆန်နီပစ်ကပ်အဝါလေး..ရော့..ဒါက တိုက်ခန်းမှာ နေတဲ့အချိန် ရှင်သုံးဖို့”
အိတ်အမဲဖြင့်ထုတ်ထားသော ငွေထုတ်တစ်ခုပါ သူ့ရှေ့တိုးပေးလာသည်။
“ဒါတွေယူပြီး…ငါက ဘာလုပ်ရမှာလဲ…စက်ရုပ်ရဲ့”
“ရှင့်အလုပ်က အဲ့ဒီကားကိုယူပြီး..အဲ့ဒီတိုက်ခန်းကိုမောင်းသွား..ပြီးရင်..သော့ဖွင့်ပြီး တက်အိပ်နေရုံပဲ…”
“မဟုတ်သေးပါဘူး”
“တော်တော့..ဆက်မပြောနဲ့..ဒါ ရှင်လုပ်ရမယ့်အလုပ်..စကားမများပဲ..မြန်မြန်လစ်လိုက်တော့”
ဗေဒါက သော့နှစ်ခုနှင့်ငွေထုပ်ကို ယူကာ မတ်တပ်ရပ်လိုက်သည်။
“နေဉီး..ရှင်..ကျွန်မကို ခုန ဘယ်လိုခေါ်လိုက်တာလဲ”
“စက်ရုပ်”
“အဲ့ဒါ ကျွန်မနာမည်မဟုတ်ဘူး…ကျွန်မမှာ နာမည်ရှိတယ်”
“အင်း”
“နောက်ကို ဂျာနူးလို့ပဲခေါ်”
ဗေဒါက ပုခုံးတွန့်ပြကာ ထွက်လာလိုက်၏။
ခြံဝန်းအတွင်းကြည့်လိုက်သောအခါ သူဝင်လာခါစအတိုင်း တိတ်ဆိတ်လျက်။
သူကြည့်ဖူးသည့် နိုင်ငံခြားမာဖီးယားရုပ်ရှင်များတွင် ဂိုဏ်းခေါင်းဆောင်ကြီးများ၏ နေအိမ်တွင် သက်တော်စောင့်များ၊ တပည့်တပန်းများအထပ်ထပ်။
ယခုတော့ ဒီခြံကြီးထဲ မစ္စတာလုနှင့် စက်ရုပ်မတို့ နှစ်ဉီးသာရှိသည့်အလား။
သူ့အတွက် ပေးထားသည့် ဆန်နီပစ်ကပ်အဝါပေါ်သို့ တက်ကာ စက်နှိုးလိုက်သည်။
ကားက ခြံတံခါးဝသို့ ရောက်ခါနီးတွင် လူတစ်ဉီးရောက်လာပြီး ခြံတံခါးကိုတွန်းဖွင့်ပေး၏။
“ဒီလူတွေ ခုန ဘယ်ချောင်ထဲ ပုန်းနေလဲဟ”
ဗေဒါက တအံတဩရေရွတ်ပြီး ခြံထဲမှ ကားမောင်းထွက်လာခဲ့လိုက်သည်။
………………………
ဗေဒါက ကားကို သော့တွင်ပါသည့် လိပ်စာအတိုင်းမောင်းလာခဲ့၏။
ယောက်လမ်းထဲတွင်ရှိသော လေးထပ်တိုက်ခန်းတွဲတစ်ခု၏ ဒုတိယထပ်အခန်း။
တိုက်ခန်းရှေ့နေရာလွတ်တွင် ကားကို ရပ်ခဲ့ပြီး အခန်းထဲသို့ ဗေဒါသော့ဖွင့်ဝင်လိုက်၏။
ဟောတိုက်ဖြစ်ပြီး ပြတင်းပေါက်နားတွင် ကုတင်တစ်လုံးနှင့် မွေ့ယာ၊ခြင်ထောင်၊ခေါင်းအုံးများ အဆင့်သင့်ဖြစ်နေသော အိပ်ရာတစ်ခု။
အခြားမည်သည့်ပရိဘောဂပစ္စည်းမှမရှိ။
ဗေဒါက ဘာမှစဉ်းစားမနေတော့ပဲ အိပ်ရာပေါ်တွင် ပစ်လှဲချလိုက်သည်။
ထို့နောက် သူ့အားပေးလိုက်သည့် ပိုက်ဆံထုတ်ကို ဖြည်လိုက်၏။
မကြာသေးမီကာလ ၁၉၉၄ မတ်လကမှ ထုတ်ထားသည့် ငါးရာတန်ငွေစက္ကူအသစ်ချပ်ချွတ်များ၊ တစ်သိန်းခွဲတိတိ။
ဗေဒါက ပိုက်ဆံထုတ်ကို ဗိုက်ပေါ်တင်ကာ သူ့ဖြစ်ခဲ့သမျှကို စဉ်းစားလိုက်သည်။
ထောင်မှလွတ်ပြီး သိင်္ဂီလင်းနှင့် အရူးအမူးကာလများ။ ထို့နောက် သူသည် အိမ်ပိုင်ကားပိုင်ဘဝမှ ချက်ချင်း လမ်းဘေးရောက်သွားသည်။
နာရီပိုင်းပင်မကြာ…သူ့မှာ နေဖို့တိုက်ခန်း၊ စီးဖို့ကားက အဆင့်သင့်။
သို့သော်..ဒါတွေက သူ့ကိုယ်ပိုင်မဟုတ်။
ဒီအတွက် သူဘာတွေလုပ်ပေးရမည်လဲ။
ပိုထူးဆန်းသည်က မစ္စတာလုတို့ပင်။
ယနေ့မှစတွေ့သည့် သူ့လိုလူကို တိုက်ခန်းနှင့်ကားသော့ကို ယုံယုံကြည်ကြည်အပ်လိုက်သည်။
သူတို့လက်တံက ဘယ်လောက်ရှည်သလဲ။ သူတို့ ဘာတွေလုပ်မှာလဲ။ သူကရော ဘာတွေ လုပ်ပေးရမှာလဲ။
ဗေဒါ စဉ်းစားနေရင်း မျက်လုံးတို့ မှိတ်ချလိုက်၏။
မျက်လုံးထဲတွင် သိင်္ဂီလင်း၏ အပြုံးများက လက်ခနဲ။
“ဖေလိုးမ”
ဗေဒါက တချက်အော်ဆဲပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
နံရံကိုမဟုတ်။
ခေါင်းအုံးကိုသာ။
ကိုယ့်ဘဝကိုဖျက်ခဲ့သည့် သစ္စာဖောက်မအတွက်..ဘာကိစ္စ ကိုယ့်အသား အနာခံရမည်နည်း။
………………………
အချိန်မည်မျှကြာသည်အထိ အိပ်ပျော်သွားသည်မသိ။
ဗေဒါ နိုးလာချိန်တွင် မှောင်စပင်ပျိုးနေပြီ။
ရေချိုးခန်းအတွင်း ဝင်သွားကြည့်လိုက်သည့်အခါ သုံးလက်စ ဆပ်ပြာတုံး၊ခေါင်းလျှော်ရည်ဘူးနှင့် တဘက်ပင် အဆင့်သင့်ထားပေးထားသည်ကို တွေ့ရသည်။
ယခုတိုက်ခန်းသည် မစ္စတာလု၏ လူများ ခေတ္တဝပ်ကျင်းလုပ်သည့်နေရာမှန်း ဗေဒါခန့်မှန်းမိလိုက်၏။
ရေချိုးပြီးသည့်နောက် ဗေဒါက ညစာစားရန် တိုက်အောက်သို့ ဆင်းလိုက်သည်။
တိုက်လှေကားအောက်မှ ထွက်သည်နှင့် မသင်္ကာဖွယ်အခြေအနေက ဗေဒါကို ဆီးကြိုနေတော့သည်။
တဖက်လမ်းတွင် ဗေဒါကိုစောင့်ကြည့်နေကြသော လူနှစ်ယောက်။
ဗေဒါက ယောက်လမ်းထိပ်ရှိ သူ့မိတ်ဆွေ ဒေါက်တာတင်ထွန်းဆေးခန်းကို သတိရသွားသည်။
သူ့အား အီဆာ၏ လူများဝိုင်းရိုက်စဉ်က ဒေါက်တာတင်ထွန်းဆေးခန်းတွင် ချုပ်ခဲ့ရပြီး သူထောင်မှ ထွက်သည့်အခါ အတော်လေးရင်းနှီးခင်မင်သည့် မိတ်ဆွေများဖြစ်လာကြခြင်းပင်။
ဗေဒါက ခပ်သွက်သွက်လျှောက်ရင်း အနောက်သို့ တစေ့တစောင်းအကဲခတ်လိုက်သည်။
ထိုသူနှစ်ယောက်က သူ့နောက်မှ ပါလာမြဲ။
ဒေါက်တာတင်ထွန်း၏ ဆေးခန်းထဲသို့ ဝင်လိုက်သည်။
“ကိုတင်ထွန်း ပြန်သွားပြီလား..မာဉီး”
ဒေါက်တာတင်ထွန်း၏ ဆေးခန်းမှ သူနာပြုအကူမလေး မာဉီးက သူနှင့် ရင်းနှီးနေပြီးသား။
“အခုလေးတင်ပဲ..ပြန်မလို့လုပ်နေတာ..အထဲမှာ ဆေးသေတ္တာကိုသိမ်းနေတယ်”
ထိုအချိန်တွင် အခန်းတွင်းမှ ဒေါက်တာတင်ထွန်းက ဆေးသေတ္တာဖြင့်ထွက်လာသည်။
“ဟာ..ဗေဒါ…မင်း..ပျောက်ချက်သားကောင်းလိုက်တာကွာ”
“ဟုတ်တယ်..ကိုတင်ထွန်းရေ…ကျွန်တော် အခု ဒီနားက တိုက်ခန်းမှာ နေနေတာ”
“ဟ..ဟုတ်လား..ငါနဲ့ နီးသွားတာပေါ့”
“ဒါပေါ့ဗျာ..ဒါကြောင့် ဒီနေ့..ခင်ဗျားကို ဧည့်ခံရအောင်လာတာ”
“ဘာလဲ..ဒါချမလို့လား”
ဒေါက်တာတင်ထွန်းက လက်မနှင့် ပါးစပ်ကို တေ့ပြလိုက်သည်။
“ဒါပေါ့”
“ကြာသလားလို့ကွာ..ငါ့ဆေးသေတ္တာကားပေါ်သွားတင်လိုက်ဉီးမယ်..ဒီနားစင်တင်အသစ်ဖွင့်တာ မကြာသေးဘူး..ငါလည်းမရောက်တာကြာလို့..ဒိုးကြတာပေါ့”
ဗေဒါနှင့် ဒေါက်တာတင်ထွန်းက လမ်းလျှောက်လျက် စင်တင်စားသောက်ဆိုင်ဆီသို့ လာခဲ့ကြသည်။
စားသောက်ဆိုင်ထဲသို့ အဝင်တွင် သူ့နောက်မှ လူနှစ်ယောက်ကလည်း မလှမ်းမကမ်းဝိုင်းတွင် ထိုင်လိုက်သည်ကို ဗေဒါ သတိထားမိလိုက်၏။
“ကဲ…မင်းရဲ့ ရွှေမင်းသမီးရောကွ…မတွေ့တာကြာပြီ”
ဒေါက်တာတင်ထွန်းက မန္တလေးဘီယာပုလင်းကို ဖန်ခွက်ထဲ ငှဲ့ထည့်ရင်းမေးလိုက်သည်။
“ပြောရမှာ ရှက်တောင်ရှက်ပါတယ်ဗျာ”
“ကဲ..ရော့…တစ်ခွက်ချလိုက်..သုံးခွက်လောက်ကျရင်…ရှက်တဲ့အကြောင်းတွေ..ပြောထွက်လာလိမ့်မယ်”
ဗေဒါက အေးစက်နေသောဘီယာခွက်ကို တရှိန်ထိုး မော့ချပစ်လိုက်၏။သို့သော် ရင်ထဲမှ အပူက တငွေ့ငွေ့နှင့်အေးမသွား။
ထိုညက ဗေဒါနှင့် ဒေါက်တာတင်ထွန်းတို့ ဘီယာတစ်လုံးပြီးတစ်လုံးသောက်ရင်း၊ အဆိုတော်မလေးများအား ပန်းကုန်းစွပ်ကြရင်း၊ သီချင်းနားထောင်ကြရင်း ညဉ့်နက်သည်အထိ အချိန်ဖြုန်းလိုက်ကြ၏။
ဆိုင်မှ ထချိန်တွင် ညဆယ့်တစ်နာရီကျော်ခဲ့ပြီ။
ဒေါက်တာတင်ထွန်းက ဆေးခန်းရှေ့တွင်ရပ်ထားသော သူ့ကားပေါ်တက်သွားချိန်တွင် ဗေဒါက တိုက်ခန်းရှိရာ တစ်ယောက်တည်းလမ်းလျှောက်ပြန်ခဲ့၏။
တိုက်ခန်းနားရောက်ခါနီးတွင် အနောက်မှခြေသံများကြောင့် အသာလှည့်ကြည့်လိုက်သည်။
သူ့နောက်တကောက်ကောက်လိုက်နေသည့် လူနှစ်ယောက်။
သောက်ထားသည့် ဘီယာအရှိန်ရော၊ အနောက်က တကောက်ကောက်လိုက်ခံနေရသည့်မခံချင်စိတ်ကြောင့်ပါ ဒေါသက ဟုန်းခနဲ။
ဗေဒါ ချာခနဲ ပြန်လှည့်လိုက်သည်။
“ဟေ့ရောင်တွေ..မင်းတို့ကောင်တွေ ဘာကိစ္စ ငါ့နောက်လိုက်နေတာလဲ”
ဗေဒါ ပြန်လှည့်လာသဖြင့် ထိုသူနှစ်ယောက်က နောက်ပြန်လှည့်ပြေးတော့သည်။
ဗေဒါကလည်း အပြေးတပိုင်းဖြင့် အမှီလိုက်၏။
ထိုသူနှစ်ဉီးက ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ရွှေနဂါးစားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
ဗေဒါက စားသောက်ဆိုင်ထဲသို့ လိုက်ဝင်ကာ စားပွဲဝိုင်းများကို လိုက်ကြည့်လိုက်၏။
လူတစ်ဉီးမျှ မရှိ။
စားပွဲထိုးအချို့က တံမြက်စည်းပင်လှည်းကျင်းနေပေပြီ။
“ဟေ့..ညီလေး..ခုန ဒီထဲ လူနှစ်ယောက်ဝင်သွားတာ..ဘယ်မလဲ”
ဗေဒါက စားပွဲထိုးလူငယ်တစ်ဉီးအားမေးလိုက်သည်။
“သီးသန့်ခန်းထဲမှာ တဝိုင်းပဲရှိတော့တယ်..အဲ့ဒီမှာဖြစ်မယ်..အကို”
စားပွဲထိုးလေး လက်ညိှးထိုးပြသည့် သီးသန့်ခန်းတံခါးကို ဗေဒါ တွန်းဖွင့်လိုက်သည်။
တံခါးတွန်းဖွင့်ဖွင့်ခြင်းပင်..သူ့အား ပြုံးပြနေသည့် မျက်နှာတစ်ခုကို ဗေဒါမြင်လိုက်ရတော့၏။
ခက်ဇော်
*** အခန်း ၅ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***