BREAKING
March 16, 2025

ထားဝယ်တွင် ကြက်သွန်နီဈေးဆက်တိုက်ကျ

December 31, 2022

ထားဝယ်တွင် ဒီဇင်ဘာလ ပထမပတ်ကစပြီး နောက်ဆုံးပတ်အထိ ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေသည်။

ထားဝယ်တွင် ကြက်သွန်ဟောင်းပြတ်ချိန် တစ်ပိဿာ ငါးထောင်ဝန်းကျင်တွင် အတက်ဈေးဖြင့် မာနေသည့် ကြက်သွန်နီ ဈေးသည် ဒီဇင်ဘာလ ပထမပတ်ကစပြီး တစ်ပိဿာ ၄၇၀၀ ကျပ်ခန့် ဖြစ်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်ခန့်သာ ဈေးရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အဲဒါက လက်ရွေး (စိတ်ကြိုက်ရွေးဝယ်နိုင်တာ) ပါ။ အရင်က တစ်ပိဿာ ငါးထောင်နီးပါးထိ ဈေးတက်တာ” ဟု ထားဝယ်မုန့်လက်သုတ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိထားဝယ် လက်လီလက်ကားဈေးကွက်တွင် ယခင်က ကျပ်သုံးသောင်းခွဲဝန်းကျင်ရှိသည့် ရိုးရိုးကြက်သွန် ဆယ်ပိဿာ တစ်အိတ်ကို ၂၇၀၀ဝကျပ် နှင့် ယခင်က လေးသောင်းဝန်းကျင်ခန့်ရှိသည့် မြစ်သား (အသန့်) တစ်အိတ်ကို ၂၉၅၀၀ ကျပ်သာရှိတော့ကြောင်း ထားဝယ်မြို့ရှိ လက်လီ၊ လက်ကားရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီနှစ်က အသစ်ကလည်း သိပ်မစိုဘူး၊ ခြောက်တယ်။ နယ်စုံကလည်း ထွက်လာတယ်ဆိုတော့ ဈေးကျလာ‌တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

သို့သော် ယခုဈေးကျနေသည်ဆိုသော်လည်း ပြည်ပဝယ်လိုအား များပြားလာမည်ဆိုပါက ဈေးပြန်တက်လာ နိုင်ကြောင်း လက်လီ၊ လက်ကားရောင်းချသူတို့က ပြောဆိုသည်။

ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးမှာ ဒီဇင်ဘာလ ပထမပတ်မှ နောက်ဆုံးပတ်အထိ တစ်ပိဿာ ၄၅၀ဝကျပ်မှ ၅၅၀၀ ကျပ်ဖြင့် အတက်ဈေးဖြင့် မာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကြက်သွန်အသစ် ထွက်ရှိမလာသေးသည့်အတွက်ကြောင့် ကြက်သွန်ဖြူအဟောင်းဈေးမှာ ဆက်လက် မာနေဦးမည်ဟုလည်း ဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။