အရက်သောက်ခြင်းကို ကမ္ဘာပေါ်ရှိ ဂေဟစနစ်အားလုံးနီးပါးတွင် တွေ့ရှိရသည်။
အချိုဓာတ်ပါသည့် သစ်သီးများနှင့် ဝတ်ရည်ကို စားသုံးသည့် သတ္တဝါများတွင် ပုံမှန်ယမကာ မှီဝဲသည့်အလေ့အထ ရှိကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည့် လေ့လာတွေရှိချက်က ပြသနေသည်။
သက်ရှိသတ္တဝါမျိုးစိတ်အချို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အရက်ကို အသုံးပြုနိုင်စွမ်း ရှိကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။ အခြားသတ္တဝါမျိုးစိတ်များမှာ အရက်၏ အာနိသင်ကို ခံနိုင်ရည်ရှိမှု နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။
“အရက်ကို လူသားတွေကပဲ မှီဝဲတယ်ဆိုတဲ့ လူသားဗဟိုပြုအမြင်နဲ့ ကျွန်တော်တို့ လမ်းခွဲနေပါပြီ။
တကယ်တော့ သဘာဝသတ္တလောကထဲမှာလည်း ယမကာမှီဝဲမှုက အတော်လေး ကျယ်ပြန့်ပါတယ်” ဟု University of Exeter မှ သုတေသီ Anna Bowland က ဆိုသည်။
အချဉ်ဖောက်ထားသည့် သစ်သီးများ၊ သစ်ရည်နှင့် ဝတ်ရည်ကို ပုံမှန်စားသုံးခြင်းဖြင့် ၎င်းတို့၏ ပုံမှန်အစားအစာထဲတွင် အရက်ကို ပါဝင်ထည့်သွင်းထားသည့် သတ္တဝါများကို မျိုးတူစုအုပ်စုများအဖြစ် သိပ္ပံပညာရှင်များက ခွဲခြားသတ်မှတ်နိုင်လာခဲ့သည်။
ကမ္ဘာမြေပေါ်တွင် ပန်းပွင့်သည့် အပင်များက အချိုဓာတ်ပါသည့် သစ်သီးများနှင့် ဝတ်ရည်တို့ကို စတင်ထုတ်လုပ်လာခဲ့သည့် လွန်ခဲ့သော နှစ် သန်းပေါင်း ၁၀၀ ခန့်မှစ၍ ကမ္ဘာပေါ်တွင် အရက်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် အီသနောအရည် စတင်ပေါများလာခဲ့သည်။
အချိုဓာတ်ပါသည့် သစ်သီးများနှင့် ဝတ်ရည်များကို တဆေးက အရက်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ သို့သော် ယင်းသစ်သီးများနှင့် ဝတ်ရည်များတွင် အယ်လ်ကိုဟော ပမာဏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသာ ပါဝင်လေ့ရှိပြီး အမှည့်လွန်နေသည့် အုန်းသီးများတွင်မူ အယ်လ်ကိုဟော ပါဝင်မှုသည် ၁၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
အာဖရိကတိုက် ဂီနီနိုင်ငံ အရှေ့တောင်ပိုင်းတွင် အုန်းပင်လျှော်များမှ အယ်လ်ကိုဟောဓာတ်ပါဝင်သည့် သစ်ရည်များကို တဝတပြဲ စားသုံးနေသည့် တောရိုင်းချင်ပန်ဇီမျောက်များကို မှတ်တမ်းတင်ရရှိခဲ့ဖူးသည်။ ပနားမားနိုင်ငံ ဘာရိုကော်လိုရာဒိုကျွန်းပေါ်မှ စပိုက်ဒါမျောက်များကလည်း အယ်လ်ကိုဟောပါဝင်မှုနှုန်း ၁ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအကြားရှိသည့် မော်ဘင်သီးအဝါများကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလျက်ရှိကြောင်း တွေ့ရှိရသည်။
“လူတွေပဲ အရက်သောက်ကြတာ မဟုတ်ဘူးဆိုတဲ့ အထောက်အထားတွေက ပိုများလာနေတယ်”ဟု သုတေသီများက Trends in Ecology and Evolution ဂျာနယ်တွင် ရေးသားခဲ့ကြသည်။
အယ်လ်ကိုဟောမှီဝဲခြင်းကြောင့် တိရစ္ဆာန်များတွင် မူးယစ်မှု ဖြစ်မဖြစ် ဆိုသည်က နောက်ထပ်မေးခွန်းတစ်ခု ဖြစ်သည်။ အာဖရိကတိုက်တောင်ပိုင်းမှ ဘော့စ်ဝါနာနိုင်ငံတွင် မာရုလာအသီးစားမိ၍ အရက်မူးသွားသည့် ဆင်များကို တွေ့ရှိရဖူးသည်။ အချဉ်ဖောက်ထားသည့် ပန်းသီးများကို တနင့်တပိုးစားမိ၍ သစ်ပင်တွင် ခေါင်းညှပ်နေသည့် ဦးချိုပြားသမင်များကိုလည်း တွေ့ရှိရဖူးသည်။ သို့သော် အဆိုပါ ဖြစ်ရပ်များတွင် ၎င်းသတ္တဝါများ စားသုံးလိုက်သည့် သစ်သီးများ၏ အယ်လ်ကိုဟောပါဝင်မှုနှုန်းကို တိုင်းတာထားခြင်းမျိုး မရှိခဲ့ပေ။
သတ္တဝါတော်တော်များများတွင် အယ်လ်ကိုဟောဓာတ်ကို ခံနိုင်ရည်ရှိမှုမြင့်မားပုံကို သုတေသီများက တွေ့ရှိခဲ့သည်။ အင်မတန် သေးငယ်သည့် သစ်စွေ့အကောင်များတွင် အရက်မှီဝဲမှု မြင့်မားသော်လည်း အရက်မူးသည့် လက္ခဏာများ ဖော်ပြသည်ကို သိပ္ပံပညာရှင်များ မတွေ့ရှိခဲ့ရပေ။ သို့သော် အရက်မူးနေသည့် သစ်စွေ့အကောင်များ မည်သို့ပြုမူမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းကိုလည်း သိပ္ပံပညာရှင်များက ဝန်ခံသည်။
အချဉ်ဖောက်ထားသည့် အစားအစာများကို ပုံမှန်စားသုံးလေ့ရှိသည့် တိရစ္ဆာန်များသည် အယ်လ်ကိုဟောကို လျှင်လျှင်မြန်မြန် အစာချေဖျက်နိုင်လေ့ ရှိသည်။ ယင်းကြောင့် အယ်လ်ကိုဟော၏ အဆိုးရွားဆုံး အာနိသင်များကို ၎င်းသတ္တဝါများ ခံစားရလေ့ မရှိပေ။ သို့သော် အချို့သော သတ္တဝါများသည် အယ်လ်ကိုဟောနှင့် ထိတွေ့မှုနည်းပါး၍ ယင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားရနိုင်သည်။
ခြံစည်းရိုးများနှင့် အခြားအဆောက်အအုံများကို ဝင်တိုက်မိ၍ သေဆုံးခဲ့သည့် ဆီဒါဝက်ဆ်ဝင်းငှက်များကို လေ့လာကြည့်ခဲ့ဖူးရာ ယင်းငှက်တို့သည် ဘရာဇီးငရုတ်ကောင်းပင်၏ အမှည့်လွန်နေသည့် အစေ့ အများအပြားကို စားမိပြီး မူးဝေနေသည်ကို တွေ့ရှိခဲ့ရသည်။
“ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ နေရာမှာ မူးယစ်ခြင်းက အကျိုးမများပါဘူး” ဟု Bowland ဟု ခေါ်သည်။
အင်းဆက်များတွင် အယ်လ်ကိုဟော၏ အံ့အားသင့်စရာအကောင်းဆုံးအကျိုးအာနိသင်များကို တွေ့ရသည်။ မိတ်လိုက်ဖော်အဖြစ် အငြင်းခံလိုက်ရသည့် သစ်သီးယင်ကောင်များသည် အယ်လ်ကိုဟောကို မှီဝဲလေ့ရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ သစ်သီးယင်ကောင်များနှင့် နီးကပ်စွာ ဆက်စပ်မှုရှိသည့် အင်းဆက်အမျိုးအစားတစ်ခုမှ အင်းဆက်အမများသည် အယ်လ်ကိုဟော မှီဝဲ၍ မူးယစ်ပြီးနောက်တွင် သူတို့၏ မိတ်လိုက်ဖက်အထီးများအပေါ် စေ့စေ့စပ်စပ် ရွေးချယ်မှုနည်းပါးလာပြီး အထီးအကောင်ရေ ပိုများများနှင့် လိင်ဆက်ဆံလေ့ရှိသည်။ သစ်သီးယင်ကောင်များသည် ၎င်းတို့၏ ဥများကို အရက်ဓာတ်ကြွယ်ဝသည့် အစားအစာများအပေါ် ဥကာ ကပ်ပါးကောင်များ၏ အန္တရာယ်မှ ကာကွယ်လေ့ရှိသည်။
အရှေ့တိုင်းမှ ပျားတူအုံများသည် အရက်ကြောင့် ဆိုးကျိုးခံစားရခြင်း မရှိဘဲ အရက်ကို အကန့်အသတ်မဲ့ မှီဝဲနိုင်သည့် တစ်ခုတည်းသော သတ္တဝါများဖြစ်ကြောင်း Tel Aviv University မှ သုတေသီများက အောက်တိုဘာလ အစောပိုင်းတွင် တွေ့ရှိခဲ့သည်။
“အရှေ့တိုင်းပျားတူအုံတွေဟာ သူတို့ရဲ့ အသက်ရှင်မှုနဲ့ အပြုအမူပေါ် ထိခိုက်ခံတာမျိုး မရှိဘဲ အီသနောပါဝင်မှုနှုန်း ၈၀ ရာခိုင်နှုန်းအထိ ရှိတဲ့ အရည်တွေကို စုပ်ယူသောက်သုံးနိုင်ကြတယ်”ဟု အဆိုပါလေ့လာမှုတွင် ပါဝင်ခဲ့သည့် သုတေသီတစ်ဦးက ဆိုသည်။
Source – The Guardian