BREAKING
December 23, 2024

သရက်နှစ်ခွရွာတွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းသွားပြီးနောက် ပျောက်နေ

October 31, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် အောက်တိုဘာလ ၂၈ ရက် မနက်အစောပိုင်းက အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ထားသဖြင့် ပျောက်ဆုံးနေခြင်းဟု ဒေသခံများက ပြောဆိုနေကြသည်။

စစ်ကောင်စီတပ်မှာ သရက်နှစ်ခွရွာတွင် တပ်စွဲထားသဖြင့် ဒေသခံများနှင့် မိသားစုဝင်များမှာ ယင်းလူငယ်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသလို အလောင်းရှာဖွေနိုင်ခြင်းလည်း မရှိသေးပေ။

ယင်းလူငယ်မှာ ရန်တောင်ရွာသားဖြစ်ပြီး ဥတ္တူရွာကို ဆိုင်ကယ်ဖြင့်သွားစဉ် သရက်နှစ်ခွနှင့် ဥတ္တူရွာအဝင် လမ်းတစ်လျှောက်လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“အဲ့လူက ဆေးနည်းနည်းကြောင်နေတယ်လို့ပြောတယ်၊ သူ့ကိုဖမ်းပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ စကားတွေလျောက်ပြောတော့ စကားမှားပြီး အသတ်ခံရတာဖြစ်မယ်။ နောက်တစ်နေ့ မနက် ၅ နာရီလောက်မှာ ဂေါ်ပြားတွေ ပေါက်တူးတွေယူပြီး စစ်သားတွေဝင်သွားတာကို ရွာသားတွေကတွေ့တယ်။ ပြန်ထွက်လာတော့ ဆိုင်ကယ်တစ်စီးကို တွန်းပြီးပြန်ထွက်လာတယ်” ဟု သရက်နှစ်ခွရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

တွန်းထုတ်လာသည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်စွဲထားသည့် ရွာလယ်တိုက်ကျောင်းတွင် သုံးရက်ခန့်တွေ့ရပြီး နောက်ရက်တွင် မတွေ့ရတော့ဟု အထက်ပါ လူငယ်အမျိုးသားက ဆိုသည်။

ယင်းဖြစ်စဉ်ကို အခြားရွာသူရွာသားများလည်း မျက်မြင်တွေ့ခဲ့ရပြီး ယင်းနေ့မနက်ပိုင်းတွင် သေနတ်သံ နှစ်ချက်ခန့်ကြားရသည်ဟု ဒေသခံအချို့က ပြောသည်။

အဆိုပါလူငယ် ပစ်ခတ်သတ်ဖြတ်ခံရသည်ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မိသားစုကို ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း ဆက်သွယ်၍မရသေးပေ။

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာ ၂၅ ရက်ကတည်းက သရက်နှစ်ခွရွာလယ်ကျောင်းနှင့် နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားခြင်းဖြစ်သည်ဟု သရက်နှစ်ခွရွာဒေသခံအချို့ကပြောသည်။