လောင်းလုံးမြို့ပေါ် လူဝင်မှုကြီးကြပ်ရေး လဝကရုံးရှေ့ ရှိ စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံများက ပြောသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ထားဝယ်ဘက်မှ လောင်းလုံးဘက်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ရာတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
သေဆုံးသူမှာ လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာအုပ်စု ကဘူရွာသား အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးကျော်ခိုင် ဖြစ်ပြီး ပန်းရံဆရာဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောကြားချက်အရသိရသည်။
စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန်ခေါ်သည်ကို ဆိုင်ကယ် မရပ်ပေးဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံအချို့နှင့် မိသားစုဝင်များက ပြောဆိုသည်။
မြို့ခံအချို့ကမူ စစ်ဆေးရေးဂိတ်တွင် တားဆီးထားသည့် ဘယ်ရီဂိတ်ကို ဖယ်သည့်အတွက်ကြောင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုလည်း ပြောဆိုကြသည်။
ပစ်ခတ်ခံရသည့် အကြောင်းအရင်းကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဦးကျော်ခိုင်တွင် ဇနီးနှင့် သားသမီးသုံးဦး ကျန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။