BREAKING
January 10, 2025

ပုလောတွင် ရက်ရှည်စစ်ကြောင်းထိုး‌နေ၍ ‌‌စစ်ရှောင်ငါးထောင်ခန့် အကူအညီလို

October 31, 2024

ပုံစာ - ပုလောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ(ပုံဟောင်း)။ ဓာတ်ပုံ - ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီ

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၁၄ ရွာမှ စစ်ဘေးရှောင် ငါးထောင်ခန့် စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေသည်ဟု စစ်‌ဘေးရှောင်များကို ကူညီ‌နေသည့် အမျိုးသမီး တစ်ဦးကပြောသည်။

စစ်ကောင်စီက အောက်တိုဘာလ ၁၄ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်များနှင့်လည်း ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းတစ်လျှောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲများ‌ကြောင့် ပုလောမြို့နယ်အတွင်းရှိ ကြဲ၊ စက်‌တော်ရာ၊ တပို၊ဇရပ်ဆိပ်၊ကျောက်ကမ်းဖဲ၊ မိန်းမမြို့၊ဘိုင်းပြင်၊ မင်းပြင်၊ပလ၊ တို၊ တန်းရှင်း၊သင်္ကန်းတော၊ ကဒဲ၊မင်းထိန်ကျေးရွာများမှ ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟုသိရသည်။

ပုလောစစ်ရှောင်စခန်းတွင် အရပ်သားသုံးထောင်ကျော်ခန့် ရောက်ရှိနေပြီး စစ်ရှောင်များ၏ စားဝတ်‌ နေရေးအတွက် ကော်မတီဖွဲ့၍စီစဉ် ပေးနေကြောင်း နီးစပ်ရာထွက်ပြေး တိမ်းရှောင်ကြသည့် အစုအဖွဲ့များလည်း အများကြီးရှိကြောင်း စစ်‌ရှောင်အရေး ကူညီနေသူ နောက်တစ်ဦးကလည်း ပြောဆိုသည်။

“အဓိကလိုအပ်တာက ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆေးဝါးပဲ”ဟု ၎င်းကထပ်ပြောသည်။

မကြာခဏ ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေသည့် ပုလောမြို့နယ်အတွင်း ဆန်၊ဆီ‌၊ဆေးဝါး သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်နေသူများမှာ ထောက်ပံ့ရေး လုပ်ငန်းများကို အခက်အခဲများစွာကြားက လုပ်ဆောင်နေကြရသည်။

စစ်ကောင်စီ စစ်ကြောင်းမှာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ရှိနေသောကြောင့် ရွာသို့ပြန်မရသေးဘဲ ပါလာသည့် ရိက္ခာများနည်းနေပြီဟု ဓနိတောထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

“ပင်လယ်နဲ့နီးတဲ့ရွာတွေဆို ကမ်းစပ်မှာစုနေတယ်။ တောတောင်နဲ့‌နီးတဲ့သူတွေဆို တောထဲတောင်ထဲ ပြေးကြတယ်။ အဆင်ပြေသလိုစားကြရတယ်”ဟု ၎င်းကပြောသည်။

ကာလရှည်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ပုလောမြို့နယ်တွင် စက်တင်ဘာလအတွင်း စစ်ဘေးရှောင် တစ်သောင်း ခြောက်ထောင်ကျော်ရှိပြီး စစ်ရှောင်စခန်းများတွင် နေထိုင်သူမှာ နှစ်ထောင့်ခုနှစ်ရာခန့်ရှိကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမှုစီးပွားအခြေအနေများကို မှတ်တမ်းပြုစု ထုတ်ပြန်နေသည့် FE5 tanintharyi အဖွဲ့၏ စက်တင်ဘာလ ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲများပြင်းထန်နေ‌သဖြင့် မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းကိုအသုံးပြု၍ ခရီးသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။