BREAKING
January 22, 2025

ကွမ်းသီးနု ရာသီကုန်ချိန် ဈေးပြန်ကျ

October 31, 2024

ဓာတ်ပုံ - ကွမ်းသီးနု ကွမ်းသီးအရည်သောက်ရောင်းဝယ်ရေး။

ရာသီပေါ်ခါစက ဈေးကောင်းခဲ့သည့် ကွမ်းသီးနုဈေးကွက်မှာ ရာသီကုန်ခါနီးချိန်တွင် ဈေးပြန်ကျလာကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ တောင်သူအချို့ထံမှ သိရသည်။

ကွမ်းသီးနုစပေါ်သည့် ဇွန်လဝန်းကျင်က တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်ခန့် ပေါက်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ် ရှစ်ထောင်ဝန်းကျင်‌သာ ပေါက်ဈေးရှိတော့ကြောင်း တောင်သူအချို့က ဆိုသည်။

ကွမ်းသီးပင်များမှာ ဇွန်လခန့်တွင် ကွမ်းသီးနုစထွက်လေ့ရှိပြီး အောက်တိုဘာလခန့်တွင် ကွမ်းသီးရင့်မှည့်လာလေ့ရှိသည်။

တနင်္သာရီတိုင်းက ထွက်ရှိသည့်ကွမ်းသီးနုကို ရန်ကုန်၊မြိတ်၊ပြည်ကြီးမဏ္ဌိုင်နှင့် ဘုတ်ပြင်းမြို့က ကုန်သည်အများစုက အဓိကလာဝယ်ကြသည်။

“ကွမ်းသီးနုကလည်း ထွက်တာနည်းနေပြီ။ ဝယ်တဲ့သူတွေလည်း အဝယ်ရပ်တော့မယ်” ဟု ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကွမ်းသီးနုရာသီကုန်ချိန်ဖြစ်သဖြင့် အဝယ်နည်းလာခြင်းကြောင့် စျေးကျလာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ကွမ်းသီးနုစပေါ်သည့်လက တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ဈေးရခဲ့သည့်အတွက် ဒေသခံများ စားဝတ်နေရေး အဆင်ပြေခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဘုတ်ပြင်းမြို့နယ်တွင် ပြီးခဲ့သည့် ၇ လခန့်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံအများစု နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စားဝတ်နေရေး အကျပ်အတည်းကြုံကြရကြောင်း ဒေသခံအခြားအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာချိန်တွင် ကွမ်းသီးနုဈေးကောင်းခဲ့သည့်အတွက် စားဝတ်နေရေး ပြေလည်သွားကြောင်း ၎င်းက ဆိုသည်။

“ကွမ်း(သီး)နုကောက်‌ ရောင်းလိုက်တာ အကြွေး‌လည်းဆပ်လိုက်ရတယ်။ စားဝတ်နေရေးလည်း နည်းနည်းတော့ ချောင်လည်သွားတယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြပြီး ကွမ်းသီးခြောက်လုပ်ကာ ရန်ကုန်နှင့် ပြည်ပနိုင်ငံအချို့ကို တင်ပို့ရောင်းချလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်မှစကာ လက်ရှိတွင် ကွမ်းသီးအနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများက ဝယ်ယူကြသည့်အတွက် ကွမ်းသီးနု ဈေးကွက်တစ်ခုပေါ်လာခြင်းဖြစ်သည်။