BREAKING
January 28, 2025

မိုးနှောင်းကာလ သုံးနှစ်ဆက် မိုးကောင်းနေ၍ တနင်္သာရီတိုင်းရှိ တောင်သူများ အခက်အခဲဖြစ်

October 31, 2024

ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းရှိ လယ်သမားများနှင့် ရော်ဘာတောင်သူများမှာ မိုးနှောင်းကာလ သုံးနှစ်ဆက် မိုးကောင်းနေ၍ အခက်အခဲဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။

၂၀၂၂ ခုနှစ်မှစပြီး ‌မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလအထိ သို့မဟုတ် မိုးလွန်ကာလဖြစ်သည့် နိုဝင်ဘာလအထိ တနင်္သာရီတိုင်းတွင် သုံးနှစ်ဆက်တိုက်မိုးကောင်းခဲ့ကြောင်း တောင်သူများက ပြောဆိုသည်။

“စပါးရိတ်ချိန်ရောက်တိုင်း မိုးနဲ့ပဲတိုးနေတော့တာပဲ။ နှစ်တိုင်းလိုလိုဖြစ်နေပြီ” ဟု ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်မှ လယ်သမားတစ်ဦးကပြောသည်။

၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် စပါးရိတ်သိမ်းရာသီဖြစ်သည့် နိုဝင်ဘာလကုန်ခါနီးအထိ မိုးရွာသွန်းမှုရှိခဲ့ကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။

၂၀၂၂ ကလည်း စပါးရိတ်သိမ်းချိန် မိုးကောင်းသဖြင့် စပါးအမှည့်လွန်နေသော်လည်း မရိပ်သိမ်းနိုင်ဖြစ်ခဲ့ကြောင်း လယ်ကွက်ထဲတင်နေသည့်ရေကို ရေစုပ်စက်တို့ဖြင့် စုပ်ထုတ်ပြီး ရိမ်းသိမ်းခဲ့ကြရကြောင်း လောင်းလုံးမြို့နယ်ရှိ လယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းတင်က ပြောသည်။

အလားတူ ၂၀၂၃ ခုနှစ်တွင်မူ ၂၀၂၂ လောက် မဆိုးသော်လည်း စပါးရိတ်သိမ်းချိန်၊ ရော်ဘာအစေးစခြစ်သည့်အချိန်အထိ မိုးရွာသွန်းမှုရှိခဲ့ကြောင်း ထားဝယ်ခရိုင်ရှိ တောင်သူအချို့က ပြောဆိုသည်။

“မနှစ်ကလည်း ဒီနှစ်လိုပဲ (ရော်ဘာအစေး) ခြစ်လိုက်၊ နားလိုက် လုပ်နေရတယ်။ သီတင်းကျွတ်ပြီးတဲ့အထိကိုပဲ” ဟု ရေဖြူမြို့နယ် ရော်ဘာတောင်သူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄ ခုနှစ်တွင်လည်း အောက်တိုဘာလကုန်အထိ မိုးရွာသွန်းနေဆဲဖြစ်သောကြောင့် ရော်ဘာအစေးခြစ်သမားများ နားရက်များနေကြသည်ဟုဆိုသည်။

လယ်သမားများအတွက်လည်း မိုးကြောင့် စပါးပင်များကျိုးခြင်း၊ စပါးဖူးထွက်ချိန် မိုးထိသဖြင့် အဖျင်းများနိုင်ခြင်း စသည့်အခက်အခဲတို့ဖြစ်ပေါ်နေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားတို့ထံမှ သိရသည်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကမူ မြန်မာနိုင်ငံတွင် ယခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မိုးလွန်မိုးရွာနိုင်ချေ ခပ်ပါးပါးရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းသတိပေးထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ကျဆင်းနေပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ရှောင်တိမ်းနေကြသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူများလည်း မရှိသလောက်ဖြစ်လာသည်။

၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင် စွမ်းဆောင်ရည်ညွန်းကိန်း( EPI) အရ နိုင်ငံပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့် ၁၇၉ တွင်ရှိနေပြီး မြန်မာနိုင်ငံအောက်တွင် အိန္ဒိယနိုင်ငံ တစ်နိုင်ငံသာကျန်တော့သည်။