BREAKING
February 26, 2025

၂ နှစ်ကျော်ကာလအတွင်း မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေး သုံးဆကျော်တက်

October 31, 2023

အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း သုံးဆကျော် မြင့်တက်လာသည်။

အာဏာမသိမ်းမီက မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ၈၀,၀၀၀ ကျပ်ကျော်ဈေးရှိရာမှာ လက်ရှိတွင် ၂၆၀,၀၀၀ ကျပ်ဖြစ်လာကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်အချို့က ပြောပြသည်။

ယခုရက်ပိုင်းအတွင်းပင် လေယာဉ်လက်မှတ်ဈေးနှုန်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။

“ဈေးတက်သွားတာ ဒီရက်ပိုင်းပဲရှိပါသေးတယ်” ဟု အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မြန်မာ့လေကြောင်းလိုင်းက မြိတ်-ရန်ကုန် ခရီးစဉ်အတွက် လက်မှတ် တစ်စောင်လျှင် ၂၀၅,၀၀၀ ကျပ်မှ ၂၆၀,၀၀၀ ကျပ်၊ KBZ လေကြောင်းလိုင်းက ၁၉၀,၀၀၀ ကျပ်နီးပါးမှ ၂၄၀,၀၀၀ ကျပ်အထိ ဈေးရှိနေကြောင်း လက်မှတ်အရောင်း ကိုယ်စားလှယ်တို့က ဆိုသည်။

အာဏာသိမ်းကာလတွင် ငွေကြေးဖောင်းပွမှုကြောင့် လက်မှတ်ခနှုန်းထားများ မြင့်တက်လာပြီး ယခုနှစ်ထဲတွင် တိုက်ပွဲကြောင့် ကားလမ်းတို့တွင် မလုံခြုံသဖြင့် လေယာဉ်စီးသူ များလာခြင်းကလည်း လက်မှတ်ဈေးတက်သည့် အကြောင်းအရင်းတစ်ခုဖြစ်နိုင်ကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ် အချို့က ပြောဆိုသည်။

“အခု ဈေးထပ်တက်တယ်။ ပြီးတော့လက်မှတ်ဝယ်ရတာ ပိုကျပ်လာတယ်။ ကားလမ်းက မလုံခြုံတော့ လေယာဉ်မှာပဲ လာစုပြုံနေကြတာပါ” ဟု ခရီးသွားလက်မှတ်များ ရောင်းချနေသည့်လုပ်ငန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လေကြောင်းလိုင်းတွင် ခရီးသွားသူများလာသဖြင့် ခရီးမသွားမီ တစ်လခန့်ကြိုတင်ပြီး လက်မှတ် ဝယ်ယူထားသင့်ကြောင်း ၎င်းက ပြောဆိုသည်။

“လက်မှတ်က တစ်ပတ်လောက်ကြိုပြီး ဝယ်ထားရတယ်။ နီးမှဝယ်ရင်မရဘူး။ လေယာဉ်မှာလည်း လူအပြည့်ပဲ။ မြိတ်က လေဆိပ်မှာဆိုရင် လူတွေပြည့်နေတာပဲ။ ရန်ကုန်လေဆိပ်မှာဆိုရင် ခရီးသွားမယ်သူတွေ တိုးဝေ့နေတာ။ တကယ့်ကားဂိတ်ကြီး ကျနေတာပဲ” ဟု ပြီးခဲ့သည့် ရက်ပိုင်းခန့်က မြိတ်မှ ရန်ကုန်သို့ အလုပ်ကိစ္စဖြင့်သွားခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်မှ ရန်ကုန်သို့ သင်တန်း၊ အလုပ်ကိစ္စတို့ဖြင့်သွားလာကြသူများ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ဝန်ထမ်းများ၊ ကျန်းမာရေးအရ ရန်ကုန်ဆေးချိန်းသွားသူတို့သည် လေယာဉ်ဖြင့် သွားလာနေကြကြောင်း သိရသည်။

“ရန်ကုန်ဆေးချိန်းက တစ်လတစ်ခါသွားနေရတယ်။ လက်မှတ်ခဈေးကြီးလည်း သွားရမှာပဲ။ ကားလမ်းက မလုံခြုံဘူး။ တိုက်ပွဲမှာ ပိတ်မိတာတွေ ဖြစ်တတ်တယ်” ဟု မြိတ်မြို့ ကန်ဖျားရပ်နေသူတစ်ဦးက ပြောသည်။

၎င်း၏ မိခင်ဖြစ်သူသည် ကင်ဆာရောဖြင့် ‌ရန်ကုန်ဆေးရုံကြီးတစ်ခုတွင် ဆေးဝါးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း ဆိုသည်။

မြိတ်-ရန်ကုန်ခရီးစဉ်တို့အား KBZ နှင့် မြန်မာ့လေကြောင်းလိုင်းတို့ ပြေးဆွဲလျက်ရှိသည်။

မြန်မာ့လေကြောင်းလိုင်းက အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ တနင်္ဂ‌နွေတို့နှင့် KBZ လေကြောင်းလိုင်းက နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း လေယာဉ်လက်မှတ်များ ရောင်းချသူအချို့မှ သိရသည်။