BREAKING
December 30, 2024

ရှမ်းမြောက်က မြို့သုံးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားကြောင်း မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

October 31, 2023

Photo - The Kokang/ Operation 1027 - 3BHA 

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် အထူးဒေသ (၁) အတွင်း အဓိကမြို့များထဲက မြို့သုံးမြို့ကို သိမ်းပိုက်ထိန်းချုပ် ထားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၄နာရီခန့်က ထုတ်ပြန်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေး ၅ ရက်မြောက်နေ့တွင်လည်း စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA တို့က ပူးတွဲထုတ်ပြန်ထားသည်။

ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ နံနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် AA ပူးပေါင်းစစ်ကြောင်းသည် KIA ဌာနချုပ် လိုင်ဇာမြို့မှ ၂၅ ကီလိုမီတာ အကွာ မြစ်ကြီးနား-ဗန်းမော် ကာလမ်းအနီးက ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရေးသားထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ခမရ (၃၈၇) တပ်ရင်းမှူး သေဆုံးကြောင်း ဆိုသည်။

KIA နှင့် AA ပူးပေါင်းအဖွဲ့က နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ‘ခလရ (၃၂၄)’ ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်ဘက်က ထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း ၄နာရီတွင် လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ ‘မိုင်းပါးတပ်စခန်း’ ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ ‘မန်ခမ်းစုပေါင်းစစ်ဆေးရေး ဂိတ်စခန်း’ အား TNLA နှင့် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် သုံးဦးသေဆုံးပြီး စခန်းမှူးအပါအဝင် ရှစ်ဦး ဒဏ်ရာ အပြင်းအထန်ရကြောင်း ဖော်ပြသည်။

အောက်တိုဘာလ ၃ဝရက်နေ့ နံနက် ၄နာရီကျော်မှ ယနေ့ အထိ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က မြေပြင်စစ်ကူ မရရှိသောကြောင့် လေကြောင်းဖြင့် စက်လက်နက်ပစ္စည်းများကို ဝေဟင်မှ ချပေးခြင်း၊ ဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်တို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဖော်ပြသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့လည်း လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ရက်မှ စတင်ကာ ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်ထားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့က ထုတ်ပြန်ထားသည်။