ခွေးကိုက်ခံရရင် ခုံဖိနပ်နဲ့ ရိုက်ပြီးကုသတာ၊ ဆန်ကိုဝါးချေပြီး အုံပေးတာ၊ မန်းမှုတ်ကုသပေးတာ စတဲ့ ဒေသဓလေ့ ရှေးရိုးစွဲအယူအဆတွေနဲ့ ကုသတာဟာ ကျန်းမာရေးအယူအဆအမှားဖြစ်ပါတယ်။
ခွေးကိုက်ရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မထိုးဘဲ ဒေသဓလေ့တွေနဲ့ ကုသတာဟာ အကျိုးထက် အပြစ်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထောက်ပြကြပါတယ်။
ခွေရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေအကြောင်းကို ဆေးပညာရှူထောင့်ကနေ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောဆိုရေးသားချက်တွေကို ကိုးကားဖော်ပြလိုက်ပါတယ်။
ခွေးရူးပြန်ရောဂါ ဘယ်ကနေကူးတာလဲ
ခွေးရူးပြန်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ခွေး သွားရည်ထဲမှာ ပါသလို၊ လင်းဆွဲတွေ၊ ကြောင်နဲ့ နို့တိုက်သတ္တဝါတွေရဲ့ သွားရည်ထဲမှာလည်း ရှိတတ်ပါတယ်။
“ခွေးရူးဆိုတာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာခင်ဗျား။ ခွေးရဲ့သွားရည်ထဲမှာ ပါတာပေါ့နော်။ ခွေးရဲ့ သွားရည်ထဲမှာ ပါသလို နို့တိုက်သတ္တဝါတွေ သွားရည်ထဲမှာပါတာ။ တစ်ခါတလေကျရင် လင်းဆွဲတွေမှာလည်း ရှိတယ်ပေါ့နော်” လို့ ကျွမ်းကျင်ဆရာဝန်တစ်ဦးက ပြောပါတယ်။
ဒီတိရစ္ဆာန်တွေ ကိုက်ခံရတာ၊ သွားရည်၊ ခန္ဓာကိုယ်က ထွက်တဲ့အရည် စတာတွေကနေ ကူးစက်တာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ ရောဂါဖြစ်ပွားသူအများစုဟာ ခွေးအကိုက်ခံရပြီး ခွေးရူးပြန်ရောဂါ ဖြစ်ကြသူတွေဖြစ်ပါတယ်။
ကြောင် ကဲ့သို့ အိမ်မွေးတိရစ္ဆာန်တွေ ကိုက်တာကနေလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ် ဆိုတာကို တယ်လီကျန်းမာရဲ့ “ကြောင်ချစ်သူတို့နဲ့ကျန်းမာရေး” အသိပညာပေးဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
အမြစ်တွယ်နေဆဲ ဒေသဓလေ့
ခွေးအကိုက်ခံရရင် ရှေးရိုးစွဲနည်းတွေနဲ့ မန်းမှုတ်တာ၊ ခုံဖိနပ်နဲ့ ရိုက်ပြီး ကုသတာ၊ ဆန်ကိုဝါးချေပြီး အုံပေးတာတွေနဲ့ တိုင်းအတွင်းမှာ ကုသတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုကုသတာက မှန်ကန်ပါရဲ့လား။
ကျွမ်းကျင်သူတွေကတော့ ဒီလိုကုသတာက ရောဂါကို မကာကွယ်နိုင်တဲ့အပြင် ပိုတောင် အန္တရာယ်များနိုင်တယ်လို့ဆိုပါတယ်။
“(ဆန်) ကို ဝါးပြီးအုံတယ်ပေါ့။ အဲဒီလူက ဝါးလိုက်အုံလိုက်၊ ဝါးလိုက်အုံလိုက်ဆိုရင် ခွေးကိုက်တဲ့နေရာမှာ ပိုးသာရှိမယ်ဆိုရင် အဲဒီဝါးပြီးအုံတဲ့သူက ခွေးရူးပြန်ကူးသွားနိုင်တယ်ပေါ့နော်။ သူက မမြင်နိုင်ဘူးလေ ဗိုင်းရပ်စ်ကိုး” လို့ ကျွမ်းကျင်ဆရာဝန်တစ်ဦးက ပြောပါတယ်။
ခုံဖိနပ်နဲ့ ရိုက်နှက်ကုသနဲ့ မန်းမှုတ်တာတွေကလည်း ရောဂါအတွက် အကျိုးမရှိဘူးလို့ ထောက်ပြကြပါတယ်။
“ခုံဖိနပ်နဲ့ ရိုက်တယ်ဆိုရင်တော့ ပထမတစ်ချက် ကိုက်တဲ့ခွေးရဲ့သွားရည်မှာ ခွေးရူးပြန်ပိုးပါရင် ဘာမှမထူးဘူး။ ဒုတိယ တစ်ချက် ဘာကိုထပ်ကြုံရလဲဆိုတော့ မေးခိုင်ရောဂါပေါ့။ အဲဒီလိုမျိုး ပမာဏအများကြီးနဲ့ ရိုက်ထည့်ပြီ ဆိုရင်တော့ မေးခိုင်ရောဂါလည်းဖြစ်နိုင်တယ်။ အနာက မကျက်ဘူး၊ ရင်းလာမယ်၊ ပြည်တည်မယ်၊ ပြီးရင် အနာထဲ ပိုးဝင်တာပေါ့ နော်။ ပြီးရင် သွေးအဆိပ်သင့်မယ်။ ဖျားမယ်။ ပြီးရင် မေးခိုင်ရောဂါလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခြင်း အားဖြင့် ခွေးရူးပြန်ရောဂါကို မကာကွယ်နိုင်ဘူး။ အကျိုးထက် အပြစ်တွေပိုရမယ်” ဟု အထက်ပါကျွမ်းကျင် ဆရာဝန်က ဆိုပါတယ်။
ခွေးကိုက်တာကို သေချာသန့်ရှင်ရေးမလုပ်ဘဲ ကွမ်းမန်း၊ ဆန်မန်းတွေနဲ့ မန်းမှုတ်ကုသတာတွေလုပ်မယ်ဆိုရင် အကိုက်ခံရတဲ့နေရာကို မန်းမှုတ်ပေးတဲ့သူပါ ရောဂါပိုးပြန်ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် မန်းမှုတ်ရာကနေ အနာရင်းလာပြီး မေးခိုင်ပိုးဝင်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမန်းမှုတ်ကုသတာဟာ လုံးဝအန္တရာယ်မကင်းပါဘူး။
ခွေရူးပြန်ရောဂါက ဒီလိုနည်းလမ်းတွေနဲ့ ကုသလို့ မကူးစက်တာမဟုတ်ဘဲ နဂိုကတည်းက ခွေးမှာ ခွေးရူးပြန် ရောဂါပိုးမရှိတာကြောင့်ရယ်၊ ခွေးကိုက်ပေမယ့် အရေပြား မပေါက်ပြဲသွားတဲ့အပြင် ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောတာကြောင့်သာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
အန္တရာယ်များလှသည့် ခွေးရူးပြန်ရောဂါ အကြောင်း ကျွမ်းကျင်ဆရာဝန်တစ်ဦးနဲ့ Dawei Watch က အင်တာဗျူးပြီး ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ကာကွယ်ဆေးမထိုးတာကြောင့် အသက်ဆုံးရှုံးနိုင်တယ်
ခွေးကိုက်ရင် ကာကွယ်ဆေး မထိုးဘဲ အနာကျက်ဆေးလောက်သုံးပြီးနေတာကြောင့် အသက်ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ထားဝယ်ခရိုင်မှာ ခွေးအကိုက်ခံရပြီး ခွေးရူးပြန်ကာကွယ်ဆေးမထိုးတာကြောင့် အသက် ၁၆နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလူငယ်ဟာ ခွေးကိုက်ခံရပြီးနောက်မှာ မေးခိုင်ကာကွယ်ဆေးပဲ ထိုးပြီး လှေလိုက်သွားတာပါ။
အဲဒီလို လိုက်သွားပြီး ၂လလောက်အကြာမှာ ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch သတင်းက ဖော်ပြတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ခွေးကိုက်ရင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးပါ
ခွေးရူးပြန်ရောဂါဟာ ဗိုင်းရပ်စ်ကနေတစ်ဆင့်ကူးစက်တာဖြစ်ပြီး လူကို ကိုက်လိုက်တဲ့ ခွေး၊ လင်းဆွဲ စတဲ့ တိရစ္ဆာန်တွေမှာ ရောဂါပိုး ရှိမရှိ အလွယ်တကူ မသိနိုင်ပါဘူး။
ဒါကြောင့် အိမ်မွေး ခွေးပဲ ကိုက်ကိုက်၊ လမ်းဘေးခွေးပဲ ကိုက်ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့ ကျွမ်းကျင်ဆရာတွေက တိုက်တွန်းပါတယ်။
ရောဂါပိုးဟာ ခွေးရဲ့ ခန္ဓာကိုယ်မှာရှိတယ်။ ဦးနှောက်သို့ ရောက်ရှိ ချိန်မှသာ ခွေးက ရူးပါတယ်။ ဒါကြောင့် ခွေးရူးကိုက်တာ မဟုတ်ဘူးဆိုပြီး မပေါ့ဆဖို့လည်း တိုက်တွန်းကြပါတယ်။
ရောဂါလက္ခဏာပြချိန်မှာ ကာကွယ်ဆေးထိုးရင် အသက်မမီနိုင်တော့ဘူးလို့ သတိပေးပါတယ်။
“အိမ်မွေးခွေးပဲကိုက်ကိုက် (ခွေးရူးပြန်ကာကွယ်ဆေး) ထိုး။ ဘာခွေးကိုက်ကိုက်ထိုး။ ခွေးရူးပြန်သွားပြီဆိုရင် ကုလို့ မရတော့ဘူး။ သေမှာသေချာတယ်။ (ခွေးရူး) မပြန်ခင်ကာကွယ်။ ကာကွယ်တဲ့နေရာမှာလည်း ကိုက်ပြီးတာနဲ့ ဖြစ်ဖြစ်ချင်းထိုးရင် အကောင်းဆုံး။ အိမ်မွေးခွေးပဲ ကိုက်ကိုက်၊ လမ်းဘေးခွေးပဲကိုက်ကိုက် ကာကွယ်ဆေးထိုးရင် အကောင်းဆုံး။ (ခွေးရူးပြန်ကာကွယ်ဆေး) ထိုးထားတဲ့ ခွေးပဲကိုက်ကိုက် ကိုက်ပြီဆိုတာနဲ့ ထိုးပါ” လို့ ကျွမ်းကျင် ဆရာဝန်က ပြောဆိုပါတယ်။
နောက်တစ်ချက်က ကာကွယ်ဆေးတစ်ကြိမ်ထိုးထားရင် တစ်သက်လုံး ကာကွယ်နိုင်တယ်လို့ ထင်မှားတတ်ကြပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးဟာ သတ်မှတ်အချိန်အတိုင်းအတာတစ်ခုအထိပဲ ကာကွယ်နိုင်တာမို့ ခွေး၊ ခွေးရူးပြန်ရောဂါပိုး သယ်ဆောင်လာနိုင်တဲ့ တိရစ္ဆာန်တွေ အကိုက်ခံတဲ့အခါ ခွေးရူးပြန်ကာကွယ်ဆေးကို ပြန်ထိုးဖို့ ကျွမ်းကျင်ဆရာဝန်တွေက တိုက်တွန်းပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ Hello ဆရာဝန်က ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ် –
ခွေးရူးပြန်ရောဂါကို ဆေးမြီးတိုကုထုံးတွေနဲ့ ကုသတာနဲ့ပတ်သက်ပြီး ပျောက်ကင်းသွားတယ်ဆိုတာကို သိပ္ပံနည်းကျ တိကျခိုင်မာတဲ့ အထောက်အထားတွေလည်း မတွေ့ရပါဘူး။
ဆေးမြီးတိုနဲ့ပတ်သက်ပြီး “သပြုပင်ရဲ့အမြစ်က ခွေးရူးပြန်ရောဂါကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေအထောက်အထားမရှိ” ဆိုတဲ့ခေါင်းစဉ်နဲ့ AFP သတင်းဌာနက အချက်အလက်စစ်ဆေးပေးထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ အခြားရှေးရိုးစွဲ အယူအဆတွေနဲ့ပတ်သက်ပြီး ထပ်သိချင်တာရှိရင်လည်း Dawei Watch ရဲ့ အခုဖော်ပြတဲ့ အကြောင်းအရာပို့စ်မှာ မှတ်ချက်ပြုခဲ့လို့ ရပါတယ်။ Dawei Watch ရဲ့ Fact Check အစီအစဉ်ကနေ ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးပါမယ်။
အယူအဆမှား၊ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်မှု စတာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။