BREAKING
January 13, 2025

အရှေ့တောဒေသ ကော်သူးလေစခန်းကို  KNU မီးရှို့ဟုဆို

October 31, 2023

ပုံစာ - တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များအား ထားဝယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။

အရှေ့တောဒေသ ဖောင်းတောတိုက်နယ်ရှိ ကော်သူးလေတပ်-KTLA တပ်ရင်း တပ်ခွဲ(၇) စခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၄)၏ KNLA တပ်ရင်းက မီးရှို့ဖျက်ဆီးခဲ့ဟုဆိုသည်။

အဆိုပါစခန်းမှာ စစ်ဘေးရှောင်များ လာရောက်နေထိုင်သည့် နေရာဖြစ်သလို၊ PDF ခရီးသွားဧည်သည်များ လာရောက်နားခိုသည့် အထိုင်စခန်း တစ်ခုလည်းဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က မီးရှို့သွားခြင်းဖြစ်ကြောင်း ကော်သူးလေတပ်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောဆိုသည်။

အဆိုပါစခန်းတွင် ဆေးရုံနှင့် ဆေးပေးခန်းများ တည်ဆောက်ထားပြီး ဆေးပညာသင်တန်း ပေးနေသည့် နေရာတစ်ခုလည်းဖြစ်သည်ဟု ကိုချမ်းက ပြောဆိုသည်။

“လာပြီးမီးရှို့သွားတဲ့အခါမှာ ထိတွေ့မှုမရှိပါဘူး၊ မရှိဘူးဆိုတာက ထိတွေ့မှုဖြစ်ရလောက်အောင် ကျွန်တော်တို့မှာပြန်ပြီးခုခံစရာ ဘာမှ လောက်လောက်လားလား မရှိဘူးပေါ့နော်” ဟုကိုချမ်းက ပြောသည်။

စခန်းသိမ်းမီးရှို့ခံရသည့် ဖြစ်စဉ်တွင် လက်လုပ်သေနတ်အချို့ သိမ်းဆည်းခံရသည်မျိုး ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ကော်သူးလေတပ်မတော်အတွက် ရိက္ခာပို့ပြီးပြန်လာသည့် ထောက်ပို့နှစ်ဦးကို KNLA ကပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နှစ်ဦးဖမ်းဆီးခံထားရသည်ဟုလည်း သတင်းများ ထွက်နေသည်။

ယင်းကိစ္စတွင် နှစ်ဦးပစ်သတ်ခံရသည်ဟု ကြားသိရပြီး ၎င်းတို့တပ်ဖွဲ့က ထောက်ပို့ဟုတ် မဟုတ်ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်း ကိုချမ်းက ပြောသည်။

ယင်းအပြင် ဖောင်းတောရွာရှိ ကော်သူးလေတပ်မတော်နှင့် ပတ်သက်စပ်ဆက်သူအချို့၏ နေအိမ်များလည်း မီးရှို့ခံရပြီး ကော်သူးလေတပ်ဖွဲ့ဝင် မိသားစုဝင်အချို့နှင့် ထောက်ပို့ပေးနေသူအချို့ အဖမ်းခံရခြင်းမျိုးရှိသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

ဖောင်းတောမှ ကော်သူးလေခေါင်းဆောင်၏ နေအိမ်မီးရှို့ခံရပြီး ကော်သူးလေ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်အချို့ အဖမ်းခံထားရသည်ဟု သတင်းများ ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ကိုချမ်းက ဆက်လက်ပြောဆိုသည်။

“ကော်သူးလေနဲ့ပူးပေါင်းတယ်၊ ကော်သူးလေကို ထောက်ပံ့တယ်ဆိုပြီးတော့ ဖမ်းသွားတာရှိတယ်၊ ခြိမ်းခြောက်ထားတာရှိတယ်၊ သတ်လဲသတ်ပစ်တယ်၊ ဖောင်းတောက ခေါင်းဆောင်ပိုင်းတစ်ယောက်ရဲ့ အိမ်မီးရှို့ခံရတယ်ဆိုတာ ဟုတ်တယ်၊ တော်သေးတာပေါ့ သူ့မိသားစုက မြန်မြန်ရှောင်တိမ်းနိုင်လို့ ကံကောင်းတာပေါ့” ဟု ကိုချမ်းက ပြောသည်။

KTLA စခန်းသိမ်းခံရသည့်ဖြစ်စဉ်နှင့် ‌ထောက်ပို့ ၂ ဦး ပစ်သတ်ခံရသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း “မသိဘူး” ဟုသာ ပြန်လည်ဖြေဆိုသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

တပ်မဟာ(၄)က KNLA တပ်နှင့် KTLA တို့အကြား ဖြစ်ပွားနေသည့် တင်းမာမှုမှာ ယခုလပိုင်းတွင် ပိုမိုပြင်းထန်လာနေသည်။

ဇူလိုင်လ ၁၉ ရက်က KNLA တပ်ရင်း (၁၀)မှ ဗိုလ်မှူးစောဖိုးစီ စီးလာသည့်ကားကို ဖောင်းတောရွာအနီးမှာ KTLA တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဗိုလ်မှူးစောဖိုးစီ ကျဆုံးပြီးနောက်ပိုင်းတွင် KNLA နှင့် KTLA နှစ်ဖွဲ့ကြားက စစ်ရေးအခြေအနေ ပိုမိုတင်းမာလာကာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု၊ စခန်းသိမ်းမှုများ ခပ်စိတ်စိတ်ဖြစ်လာသည်။

အောက်တိုဘာ ၂၀ ရက်နေ့ကလည်း KNU တပ်မဟာ(၄)က KNLA တပ်နှင့် KTLA တပ်တို့ ကထောင်းနီရွာအနီးတွင် တစ်ကြိမ်၊ ကလစ်ကြီးရွာဟောင်းတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။