BREAKING
September 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 31, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ

ပြည်သူတွေ ကင်းစောင့်ရမယ့်၊ စစ်ရေးမှာပါ အသုံးချမယ့်အစီအစဉ်ကို စစ်ကောင်စီစတင်

ပုံစာ – စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းတစ်ခု (ပုံဟောင်း)။

အသက် ၃၅နှစ်ကနေ ၆၅နှစ်အထိရှိတဲ့ အမျိုးသားတွေ ရပ်ရွာထဲမှာ ကင်းစောင့်ရမယ့်အပြင် စစ်ရေးမှာပါအသုံးချမယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုတဲ့အစီအစဉ်ကို စစ်ကောင်စီက အတင်းအကျပ် စတင်နေပါတယ်။

ရှမ်းမြောက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်းတပ်စခန်းတွေနဲ့ မြို့ ၈၀ နီးပါး လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်ရေးက မန္တလေးနား ကပ်လာချိန်မှာ ဒီအစီစဉ်ကို စတင်ဖို့ ကြိုးပမ်းလာပါတယ်။ အမျိုးသားတွေကို စစ်သင်တန်းပေး လက်နက် တပ်ဆင်ပြီး ရပ်ရွာလုံခြုံရေးအဖွဲ့ထဲ သွတ်သင်းမှာပါ။

လုံခြုံရေးအဖွဲ့ဝင်တွေဟာ နယ်မြေလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေး နယ်မြေတွေအတွက် ထောက်ပို့တာဝန်၊ ဒဏ်ရာရလူနာ ကယ်ဆယ်ရေးတာဝန်တွေကို ထမ်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းပေး အင်ဖော်မာ အဖြစ်လည်း အသုံးချဖို့ ရှိနေပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ အဆင်ဆင့်သတင်းပေးစနစ်ကို အကောင်အထည်ဖော်ရမယ်လို့ ပဲခူးခရီးစဉ်မှာ ပြောဆိုခဲ့တာပါ။

ယခုသီတင်းပတ်အတွင်းမှာတော့ တချို့ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူလုံခြုံရေးအဖွဲ့အတွက် လူစာရင်း စတင်ကောက်ယူ စုဆောင်းနေပြီဖြစ်ပြီး ဒီအစီအစဉ်ဟာ ပြည်သူတွေကို စစ်တပ်ထဲ ဆွဲသွင်းဖို့ ကြိုးပမ်းနေတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..

စစ်ကိုင်းတိုင်းမှာ ခုနစ်လအတွင်း အရပ်သားငါးရာနီးပါးသေဆုံး

ပုံစာ – မင်းကင်းမြို့နယ် မတောရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃ရက်က မင်္ဂလာဆောင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ ၃၀ကျော်သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရခဲ့တယ်။

စစ်ကိုင်းတိုင်းမှာ ၂၀၂၄ ခုနှစ် ခုနစ်လတာကာလအတွင်းမှာ အရပ်သား ၄၉၉ ဦးသေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ငါးရာနီးပါးသေဆုံးခဲ့တဲ့အပြင် ၄၆၀ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ကလေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းခရိုင်တွေဟာ တခြားခရိုင်တွေထက် အရပ်သား သေဆုံးသူ သိသိသာသာများခဲ့ပြီး ၃၅၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တစ်လကို ပျမ်းမျှ အရပ်သား ၇၁ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သေဆုံးထိခိုက် ဒဏ်ရာ ရသူတွေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ပေါက်ကွဲစေတဲ့ လက်နက်တွေကြောင့်လို့ ဖော်ပြပါတယ်။ သေဆုံးသူထဲက ၄၂၀ကျော် စစ်ကောင်စီ လက်ချက်ကြောင့် ဖြစ်ပြီး ကျန်တာကတော့ PDF နဲ့ တခြားအဖွဲ့တွေကြောင့်လို့ ဆိုပါတယ်။

……………………………………..

တိုက်ပွဲတွေ ချက်ချင်းရပ်ရပ်ကို တအာင်းတပ်ကို တရုတ်သတိပေး

တအာင်းတပ်မတော် TNLA အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ တရုတ်နိုင်ငံဘက်ကနေ သတိပေးလာပါတယ်။

သတိပေးစာကို ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ဩဂုတ်လ ၂၉ရက်မှာ ပေးပို့ခဲ့တာဖြစ်ပြီး ဒီစာပေးပို့လာတဲ့ အကြောင်း တအာင်းတပ်ဘက်ကလည်း သတင်းမီဒီယာတွေမှာ အတည်ပြုထားပါတယ်။ ဒီလို သတိပေးလာတာနဲ့ ပတ်သက်လို့ ဗဟိုကော်မတီအစည်းအဝေး လုပ်နေတယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်းရေး၊ တရုတ်နိုင်ငံသားတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ပြောဆိုထားပြီး မလိုက်နာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်က တာဝန်ခံရမယ်လို့ ဖော်ပြပါတယ်။

ရှမ်းမြောက်မှာတစ်ကျော့ပြန် စစ်ရေးပြင်းထန်ပြီးနောက် မြန်မာနယ်စပ်မှာ တရုတ်အစိုးရက မြေပြင်၊ ဝေဟင် စစ်ရေးလေ့ကျင့်မှု သုံးရက်ကြာ လုပ်ဆောင်နေချိန်မှာ အခုလို သတိပေးစာကို ပေးပို့ခဲ့တာပါ။ တရုတ်နိုင်ငံခြားရေး ဝမ်ယိ မြန်မာနိုင်ငံသို့ လာပြီးနောက်ပိုင်းမှာ သတိပေးတာတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။

……………………………………..

သပိတ်ကျင်းမြို့ကို သိမ်းယူ

မန္တလေးတိုင်းထဲမှာ သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ ထပ်မံသိမ်းယူလိုက်ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်ပြီး ကိုးရက်အကြာ ဩဂုတ်လ ၂၅ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုလိုတိုက်ခိုက်ရာ ရွှေဘို၊ ကန့်ဘလူ၊ ပြင်ဦးလွင်၊ မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ဖွဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်း သုံးမြို့နယ်ရဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းမိခဲ့ပြီး သေနတ် ခြောက်လတ်၊ မော်တာ ငါးလက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ရှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကွင်း (၅၀၀) စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အတွက် မိုးကုတ်-စဥ့်ကူးလမ်းပိုင်းမှာ စစ်ကောင်စီ ဗျူဟာစခန်းအပါအဝင် စခန်းအားလုံး သိမ်းယူရရှိပြီလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မန္တလေးတိုင်းထဲမှာ မိုးကုတ်၊ စဥ့်ကူး၊ တကောင်းမြို့တွေကိုလည်း သိမ်းယူထားပါတယ်။ စစ်ရေးဟာ မန္တလေးနဲ့ တဖြည်းဖြည်း နီးကပ်လာချိန်မှာ စစ်ကောင်စီ ထောက်ခံသူတွေက မန္တလေးမြို့မှာ တိုက်ပွဲမဖြစ်ရေး ဆန္ဒပြတောင်းဆိုနေကြပါတယ်။

……………………………………..

လျှပ်စစ်မီတာခ နှစ်ဆကျော်တိုးကောက်မယ်

စက်တင်ဘာလ ၁ရက်ကနေ စတင်ပြီး လျှပ်စစ်မီတာခတွေကို တိုးကောက်တော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်မြင့်တက်လာတာကြောင့် မီတာခကို နှစ်ဆကျော် တိုးကောက်မှာလို့ ဆိုပါတယ်။ အိမ်သုံးလျှပ်စစ်မီတာတွေမှာ ၂၀၀မီတာ အထက်ဆိုရင် အရင်က တစ်ယူနစ်ကို ၁၂၅ ကျပ် ကောက်ခံရာကနေ အခု ကျပ်သုံးရာအထိ တိုးမြှင့်ကောက်ခံတော့မှာပါ။

လျှပ်စစ်မီတာခကို အိမ်သုံးအမျိုးအစားနဲ့ အိမ်သုံးမဟုတ်တဲ့ အမျိုးအစားနှစ်ခုစလုံးကို တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။

စီးပွားရေးကျပ်တည်းပြီး ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းတွေ စျေးတက်တဲ့ဒဏ်ကို ခံနေရချိန် မီတာခ တိုးကောက်တဲ့ ဒဏ်ကိုပါ ပြည်သူတွေ ထပ်မံခံစားကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစားအလတ်စား လုပ်ငန်းတွေကိုလည်း ထိခိုက် နိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ လက်ရှိမှာတော့ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့်လည်း ပြည်သူတွေ အခက်အခဲ ကြုံနေရပါတယ်။

……………………………………..

လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့ AA ကို ICG တိုက်တွန်း

ပုံစာ – မောင်တောတွင် ရိုဟင်ဂျာမွတ်ဆလင် အရပ်သားများကို AA က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေစဉ်။ (ပုံဟောင်း)

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပြုသင့်တယ်လို့ အာရက္ခတပ်တော် AA ကို နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က တိုက်တွန်းလိုက်ပါတယ်။

မောင်တောဒေသမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ သေဆုံးတာနဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အပေါ် အခုလို တိုက်တွန်းလိုက်တာပါ။ ‘မြန်မာ့မြေပေါ်က ရခိုင်ပြည်အတွက်တိုက်ပွဲ’ ခေါင်းစဉ်နဲ့ ICG က ဩဂုတ်လ ၂၇ရက်က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာခေါင်းဆောင်းတွေနဲ့လည်း သင့်မြတ်ရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့သလို ဘင်္ဂလား ဒေ့ရှ်အစိုးရ အနေနဲ့ AA နဲ့ထိတွေ့ဆက်ဆံဖို့၊ နိုင်ငံတကာအနေနဲ့လည်း ရခိုင်ပြည်နယ်တစ်ဝန်း စစ်ဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ တိုက်တွန်းထားပါတယ်။

AA ဟာ မဝေးတော့တဲ့ ကာလမှာ ရခိုင်ပြည်နယ်ကို သိမ်းပိုက်နိုင်တော့မယ့်အထိ စစ်ရေးအရေ အသာရနေတယ်လို့လည်း ICG က ဆိုပါတယ်။ ဒါပေမဲ့ သိမ်းယူထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးစွမ်းရည်နဲ့ လူ့စွမ်းအားအရင်းအမြစ် အပြည့်အဝ ရှိ မရှိ မသေချာလှဘူးလို့ ထောက်ပြထားပါတယ်။

အခုသီတင်းပတ်အတွင်း ရခိုင်မြောက်ပိုင်းက မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသလို စစ်တွေမြို့အနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

……………………………………..

ရွှေအရောင်းအဝယ်လုပ်ရင် အခွန်သုံးရာခိုင်နှုန်းကောက်မယ်

ရွှေအရောင်းအဝယ်လုပ်ရင် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအထိ တိုးကောက်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၄ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး လာမယ့်အောက်တိုဘာလ ၁ရက်ကနေ ၂၀၂၅ မတ်လအထိ ကောက်ဖို့ စီစဉ်နေ တာပါ။ လက်ရှိမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်ရှိနေတာကြောင့် တစ်ကျပ်သားဝယ်ရင် နှစ်သိန်းကျော် အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုးထိုးကျပြီး ရွှေ၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲနှုန်း ခုန်တက်သွားပြီးနောက်မှာ ရွှေဆိုင်တွေ၊ ငွေလွှဲ၊ ငွေလဲ လုပ်ငန်းတွေ အရေးယူပြီး စျေးကွက်ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းခဲ့ပါတယ်။ အခုတော့ ရွှေအရောင်းအဝယ် လုပ်ရင် အခွန်တိုးကောက်ဖို့ပါ လုပ်ဆောင်လာတာပါ။ ပြည်သူတွေ ကျပ်တည်းနေချိန် စစ်ကောင်စီကတော့ အခွန်အခတွေ တိုးကောက်ဖို့ပဲ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

……………………………………..