BREAKING
September 16, 2024

စစ်ကောင်စီစစ်ကြောင်းက ကော့သောင်း ခမောက်ကြီးရှိ နေအိမ်များမီးရှို့ပြီး ရွာသားများလည်းဖမ်းဆီး

August 31, 2024

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ ခမောက်ငယ်ချောင်းဝရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က နေအိမ်ခြောက်ဆောင်ကို မီးရှို့ဖျက်ဆီးပြီး ရွာသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခမောက်ကြီးတပ်နယ်နှင့် ကော့သောင်းတပ်နယ်က အင်အား ၆၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများက ဩဂုတ်လ ၂၉ ရက်နေ့တွင် ချောင်းဝရွာ၊ အမှတ် ၂ ချောင်းအနီးရှိ နေအိမ် ၆ ဆောင်၊ ရော်ဘာပြားသိုလှောင်သည့် ဂိုဒေါင်တစ်လုံးနှင့် မီးသွေးဖိုရှိ တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ဘာအကြောင်းကြောင့် မီးရှို့လိုက်တယ်ဆိုတာ ကျွန်တော်တို့လည်း ဂဃနဏ မသိရဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယင်းနေရာအနီးနေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားငါးဦးကို ဖမ်းဆီးပြီး ခမောက်ကြီးတပ်နယ်ဘက် ခေါ်ဆောင်သွားကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသူများမှာ ဩဂုတ်လ ၃၁ ရက်နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးသလို ဖမ်းဆီးထားသည့်နေရာကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဩဂုတ်လ ၂၄ ရက်နေ့ကတည်းက စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ဆိုသည်။

အထက်ပါစစ်ကြောင်းက ခမောက်ကြီး အမှတ် ၄ တံတား၊ ကားပျက်တောင်၊ ခမောက်ငယ်ယုဇနပျိုးခင်း စာသင်ကျောင်းနှင့် အောင်ချမ်းသာလမ်းဆုံ နေရာများတွင် ဂိတ်ချကာ လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးခဲ့ကြောင်း ၎င်းကပြောသည်။

“အဓိက က ဖုန်းတွေကိုစစ်တယ်။ ပါလာတဲ့ပစ္စည်းတွေ အိတ်တွေကိုစစ်တယ်။ ပြီးရင်ယောက်ျားတွေဆိုလို့ရှိရင် ခန္ဓာကိုယ်အနှံ့ သေသေချာချာစစ်တယ်ပေါ့။ အဓိကကတော့ တော်လှန်ရေး(တပ်ဖွဲ့ဝင်တွေ)နဲ့ ဆက်သွယ်မှုရှိမရှိ စစ်ဆေးတယ်”ဟု အဆိုပါအမျိုးသားက ပြောသည်။

ယင်းအပြင် မလိဝမ်းရွာနှင့် ရှမ်းကိုးရွာဝန်းကျင်ရှိ ဥယျာဉ်ခြံများအတွင်းရှိ နေအိမ်များနှင့် နေထိုင်သူများကို စစ်ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ခမောက်ကြီးမြို့ နမ္မသွန်ဒေသရှိ အောင်သာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားပြီး ဒဏ်ရာရသူများပြားသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

ခမောက်ကြီးမြို့တွင် စစ်ကောင်စီ၏ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀) အခြေစိုက်ထားသည်။