BREAKING
January 13, 2025

လောင်းလုံး ပန်းတင်အင်းချောင်းဝတွင် စစ်ဘေးရှောင်လှေတိမ်းမှောက်

August 31, 2024

လောင်းလုံးမြို့နယ် ပန်းတင်အင်းချောင်းဝ ပင်လယ်ပြင်တွင် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ဘေးရှောင်များ စီးလာသည့် လှေတစ်စီးတိမ်းမှောက်ကြောင်း ဒေသခံများက ပြောသည်။

သဘော့ဆိပ်နှင့် ပြင်ကြီးရွာတို့က စစ်ဘေးရှောင် ဒေသခံ ၄၀နီးပါးလိုက်ပါလာသည့် ငါးဖမ်းလှေငယ်သည် မျှော်ရစ် အနောက်ဘက်ကမ်းမှ ပန်းတင်အင်းဘက်သို့ လာစဉ် ပန်းတင်အင်းချောင်းဝတွင် လေတိုက်သဖြင့် နစ်မြုပ်တိမ်းမှောက်ကြောင်း ဒေသခံတို့က ဆိုသည်။

“လှေမြုပ်တာနဲ့ ရှေ့က ဂဲ (ကျောက်ပုစွန်) ပိုက်လှေတစ်စီးက လာကယ်လို့ လူတွေ အသက်ရှင်တယ်” ဟု လေမြုပ်ရာတွင်ပါဝင်သည့်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းအပြင် လာကယ်သည့် နောက်ထပ်လှေတစ်စီးပါ ထပ်မြုပ်သည်ဟု ဒေသခံအချို့က ပြောဆိုခဲ့ကြသော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လှေမှောက်မှုကြောင့်လူ ထိခိုက်သေဆုံးမှု မရှိ‌သော်လည်း စစ်ဘေး ရှောင်များ၏ ရွှေလက်ဝတ်ရတနာ ၁၀ ကျပ်သား ထက်မနည်းနှင့် ငွေသားသိန်းဆယ်ချီအပြင် အသုံးအဆောင်ပစ္စည်းများစွာ ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“လူကဘာမှ မဖြစ်ဘူး။ ပါသွားတဲ့ အသုံးဆောင်ပစ္စည်းတွေတော့ ဆုံးသွားတာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ဩဂုတ်လ ၂၉ ရက်နေ့ကစပြီး သဘော့ဆိပ်ရွာနှင့် ပြင်ကြီးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ရောက်ရှိနေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့်ဒေသခံပြည်သူများဖြစ်သည်။

ဩဂုတ်လ ၃၁ ရက် ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကြောင်းသည် ပြင်ကြီးရွာဘုန်းကြီးကျောင်းတွင် ယာယီစခန်ချနေထိုင်နေကြောင်း ဒေသခံများထံမှသိရသည်။