BREAKING
January 13, 2025

ပုလော၊ ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်

August 31, 2024

ဓာတ်ပုံ - မြိတ်ခရိုင် ၊ တပ်ရင်း ၁

ပုလောမြို့နယ် ၊ ရှပ်ပုံရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် မြိတ်ခရိုင်တပ်ရင်း ၁ က ယနေ့(သြဂုတ် ၃၁)ထုတ်ပြန်သည်။

ဩဂုတ်လ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဝါးတန်းဘုန်းကြီးကျောင်းသို့ အင်အား ၇ဝ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း စရောက်သည်နှင့် တိုက်ပွဲစဖြစ်ခဲ့ပြီး ည ၈ နာရီအထိ ပစ်ခတ်မှုများရှိခဲ့သည်ဟု ယင်းတပ်ဖွဲ့ထံကသိရသည်။

” ဒရုန်းနဲ့ စတိုက်ခိုက်တယ်။ ပြီးတာနဲ့ ထိတွေ့ပစ်ခတ်မှုတွေ ဆက်တိုက်ရှိခဲ့တယ်” ဟု မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း သေဆုံးပြီး ၇ ဦးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး တော်လှန်အင်အားစုများဘက်က အထိခိုက်မရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင်မူ အင်အားဖြည့်ရန်လာသည့် အင်အား ၃ဝ ပါ စစ်ကောင်စီစစ်ကြောင်းကို မကျည်းကုန်းရွာ အနီး မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့သဖြင့် လေးဦးထပ်မံ သေဆုံးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် ပုလောအခြေစိုက် ခလရ ၂၈၅ စစ်ကောင်စီတပ်ရင်းမှတစ်ဆင့် မိုက်ခရိုဝေ့တောင်ရှိ စစ်ကောင်စီတပ်သားများထံ ရိက္ခာလာပို့သည့် ကားတစ်စီးထံမှ ရိက္ခာများကို ဩဂုတ်လ ၂၉ ရက်နံနက်တွင်သိမ်းဆည်းရမိကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ထံကသိရသည်။

” ပုံမှန်ဆို ရိက္ခာပို့ရင် စစ်သားတွေပါလာတယ် ။ အခုက အရပ်သားကားတစ်စီးနဲ့ ပို့လိုက်တာ ။ သူတို့ သတင်းရထားလို့ လမ်းမှာစစ်မေးတော့ ကားသမားက စစ်ကောင်စီရိက္ခာလို့ ဝန်ခံလို့ ရိက္ခာတွေသိမ်းလိုက်တာပါ ” ဟု ရဲဘော်အာနိုးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲကာလအတွင်း ရှပ်ပုံရွာမှ အမျိုးသား ၅ ဦး ဖမ်းဆီးထားပြီး ယနေ့ဩဂုတ်လ ၃၁ ရက်အထိ ပြန်မလွှတ်ပေးသေးဘဲ ဝါးတန်းဘုန်းကြီးကျောင်းတွင် ဆက်လက်တပ်စွဲနေဆဲဖြစ်ကြောင်း တော်လှန်အင်အားစုများထံက သိရသည်။

ဩဂုတ်လ ၂၉ ရက် ရှပ်ပုံရွာတိုက်ပွဲ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) ၊မြိတ်ခရိုင်တပ်ရင်း ၁ ၏ Light of future ဒရုန်းတပ်ဖွဲ့နှင့် KNDO တပ်ရင်း ၇ ၊ တပ်ခွဲ ၅ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။