BREAKING
September 18, 2024

တနင်္သာရီ ၆မိုင်ရွာတွင် လေးရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ပြန်ဆုတ်

August 31, 2024

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုရှိ ၆မိုင်ကျေးရွာတွင် လေးရက်အကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

ဩဂုတ်လ ၂၆ရက်ကစပြီး ၂၉ရက်နေ့အထိ လေး ရက်အကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ဩဂုတ် ၂၅ရက်နေ့တွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက အင်အား ၈၀ကျော်ပါသည့် စစ်ကြောင်းက ဘန်လောကျေးရွာအုပ်စု ထုံတော်ရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ထို့နောက် ဩဂုတ်လ ၂၆ရက်နေ့တွင် ဘန်လောကျေးရွာအုပ်စုရှိ ၆မိုင်ရွာသို့ ရောက်လာကြောင်း ၎င်းတို့က ပြောသည်။

ယင်းအချိန်မှစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ တာဝန်ခံက ဆိုသည်။

“ခေါင်းပွင့်နေတဲ့ ဗိုလ်ကြီးအလောင်းကိုတော့ ထမ်းသွားတယ်။ လက်ရှိမှာတော့ စကစ သုံးလောင်းကိုတော့ တွေ့ထားတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၀ ထက်မနည်း ဒဏ်ရာရကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က လေးဦး မစိုးရိမ်ရသည့် ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း တနင်္သာရီမြို့နယ်အတွင်းရှိသည့် စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား ၁၂ ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း ၆မိုင်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများက ကျေးရွာများရှိ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင်သွားကြောင်း ၆မိုင်ရွာ ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း ၆၀မမ လက်နက်ကြီးတစ်လက်အပါအဝင် ၆၀ မမကျည် လေးလုံး၊ RPG လေးလုံး၊ ပို့ယမ်း လေးတောင့် ၊ ကျည်ဘောက် သုံးခု၊ အီနာကာဗုံးသီးများ သိမ်းဆည်းရမိကြောင်း တော်လှန်ရေးပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့ကစပြီး တနင်္သာရီမြို့နယ်ရှိ ဗောဓိကမ်းတံတားဖြတ်သန်းခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားရာ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ အထိ ဖြတ်သန်းခွင့်မရသေးပေ။

အဆိုပါတိုက်ပွဲကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁၊ ပူးပေါင်းစစ်ကြောင်း-၂နှင့် KNLA တပ်ရင်း (၁၁)၊ KTLAစသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ADF၊ Dragon Squad ဒရုန်းတပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။