BREAKING
January 15, 2025

ထားဝယ်နည်းပညာ တက္ကသိုလ်အနီး စစ်ကောင်စီက ထောင်အသစ်ဆောက်၊ ထောင်အဟောင်းထက် ၅ ဆခန့်ပိုကြီး

August 31, 2023

ထားဝယ်နည်းပညာ တက္ကသိုလ်အနီးတွင် စစ်ကောင်စီက အကျဉ်းထောင်အသစ်တစ်ခုကို စတင်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

ယခုဆောက်မည့် ထောင်အသစ်မှာ အုတ်ရိုးပတ်ပတ်လည် အကျယ်အဝန်း ၁၂ ဧက (၇၂၃ ပေပတ်လည်)ခန့် ရှိသည်ဖြစ်ရာ ထောင်ဟောင်း (၂ ဧကခွဲ) ထက် ၅ ဆနီးပါးပိုကြီးကြောင်း တွေ့ရသည်။

ထောင်အသစ်ဆောက်မည့်နေရာမှာ နည်းပညာတက္ကသိုလ်နှင့် ၂ ကီလိုမီတာခန့် (တစ်မိုင်ကျော်)အကွာရှိ ဇီးကျရွာ မှီအုံးတောင်အနီးတွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း Dawei Watch က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါထောင်အသစ်တွင် ကြိုးတိုက် ၂ ဆောင် အပါအဝင် အကျဉ်းဆောင်၊ အချုပ်ဆောင်များ စသည့် အဆောက်အအုံ ၅၀ ကျော် ပါဝင်သည်ကို တွေ့ရသည်။

ထောင်အသစ်ဆောက်နေသည့်နေရာမှာ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးနှင့် မနီးမဝေးတွင်တည်ရှိပြီး မီးရထားလမ်းနှင့်လည်း ကပ်နေကြောင်း မောင်မယ်ရှောင်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ဘေးပတ်ပတ်လည်မှာတော့ ဥယျာဉ်ခြံတွေများတယ်။ အရင်တုန်းက အဲနေရာက ဘေးမဲ့ပေးထားတဲ့ နေရာလေ။ တောကောင်တွေမပစ်ရဆိုပြီး ဘေးမဲ့ပေးထားတာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထောင်အသစ်တည်ဆောက်ရေးအတွက် ကုမ္ပဏီ ၂၀ နီးပါးက တင်ဒါအောင်ထားကြပြီး မြေပြင်ရှင်းလင်းရေး လုပ်ငန်းလုပ်ကိုင်နေသည်။

အကျဉ်းထောင်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဏာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၀၇၇၇ ကျော် (သိန်းပေါင်းတစ်သိန်းကျော်)အထိ အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ ထောင်အသစ်ဆောက်ပြီးပါက ထားဝယ်မြို့လယ်ရှိ အကျဉ်းထောင်ကို မည်သို့ဆက်လုပ်မည်ကိုမူ မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွင် ထားဝယ်နည်းပညာတက္ကသိုလ်အပါအဝင် ထားဝယ်တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ အများစုပါဝင်ခဲ့ကြပြီး ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိ ထားဝယ်ထောင်မှာ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်။

ထားဝယ်ထောင်တွင် မူးယစ်ဆေးဝါးနှင့် ဖုန်းများဖမ်းမိမှုကြောင့် ထောင်မှူးကြီးနှင့်ဒုထောင်မှူးတို့ကို ဖမ်းဆီးအရေးယူထားပြီး ထားဝယ်ထောင်ဝန်ထမ်း အများစုကိုလည်း အသစ်ပြောင်းလဲခန့်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ထားဝယ်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး ၄၀၀ ဝန်းကျင်ရှိပြီး အများစုသည် ထောင်ဒဏ် ၅ နှစ်နှင့်အထက် ချမှတ်ခံထားရသူများဖြစ်သည်။