ကိုယ်တို့ရွာရဲ့ အဓိကစီးပွားရေးက ပင်လယ်ငါးဖမ်းတဲ့ တံငါလုပ်ငန်းဆိုပေမဲ့ လယ်ယာ လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်။ ရွာရဲ့အရှေ့ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ လယ်ကွင်းကြီးတွေ ရှိပါတယ်။ အခုချိန်မှာတော့ တစ်ချို့က ဥယျာဉ်ခြံမြေအဖြစ်၊ တစ်ချို့က အိမ်ရာမြေအဖြစ် ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။
ကိုယ်တို့မိသားစုမှာ လယ်ပိုင်မရှိပေမဲ့ အဖေဘက်က အဘိုးအဘွားတွေက လယ်သမား စစ်စစ်တွေ ဖြစ်လေတော့ လယ်သမားတွေရဲ့ နိစ္စဓူဝ လုပ်ကိုင်နေတာတွေကို မြင်နေကြားနေ ရလေ့ရှိပါတယ်။ ဒါကြောင့် “ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများ” ဆိုတဲ့ လယ် သမားများရဲ့ ဘဝတွေကို ပြန်လည်မြင်ယောင် မိပါသေးတယ်။
အမှန်တော့ အဲဒီခေတ်က လယ်သမားတွေဟာ လယ်ယာမြေကို တရားဝင်ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းရောင်းချခွင့် မရှိကြပါဘူး။ လယ်ယာမြေမှန်သမျှကို နိုင်ငံတော်က ပိုင်တယ်။ တောင်သူလယ်သမားတွေကို သီးစားချထားပေးတယ် ဆိုတဲ့အချိန်ပါ။
အစိုးရအနေနဲ့ စီမံကိန်းတစ်ခုခု လုပ်စရာရှိရင် အချိန်မရွေး သိမ်းယူနိုင်ပါတယ်။ သိမ်းလည်း သိမ်းခဲ့ပါတယ်။ အခုခေတ်မှာလဲ လိုရင်လိုသလို သိမ်းနေဆဲပါပဲ။ မဖြစ်မနေ ရောင်းချရတော့မယ်ဆိုရင် နားလည်မှုနဲ့ တိုးတိုးတိတ်တိတ် ရောင်းကြ ဝယ်ကြတာမျိုးပဲ ရှိကြ ပါတယ်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ဆိုတာပေါ်လာမှ လွှဲပြောင်းရောင်းဝယ်ခွင့် ရလာတာပါ။ ဒါတောင် ပိုင်ဆိုင်ခွင့် မဟုတ်သေး ပါဘူး။
ဒါတွေကြောင့် လယ်သမားတွေက လယ်မြေနဲ့ပတ်သက်လာရင် ရုံးပြင်ကနား မသွား ချင်ကြဘူး၊ အမှုအခင်း မဖြစ်ချင်ကြပါဘူး။ မလွှဲမရှောင်သာလို့ ဖြစ်ခဲ့တဲ့ အမှုအခင်းတွေမှာ လည်း မလိုအပ်ဘဲ အချိန်တွေ ငွေတွေ အများအပြားကုန်ပြီး စီးပွားပျက် ဘဝတွေပျက်ကြ ရပါတယ်။
နောက်ဆုံးမှာ ဓနအင်အားကြီးသူတွေ၊ အာဏာပါဝါရှိသူတွေကသာ အနိုင်ရ စမြဲပါ။
လယ်သမားတွေ ထွန်ယက်စိုက်ပျိုးချိန်မှာ လိုအပ်တဲ့စိုက်ပျိုးစရိတ်ကို တစ်ဧက ဘယ်၍ဘယ်မျှဆိုပြီး အစိုးရအတိုးနှုန်းနဲ့ သက်ဆိုင်ရာက ငွေချေးပေးပါတယ်။ အမှန်တကယ် ကုန်ကျစရိတ်ကို ထုတ်ချေးပေးတာမျိုးတော့ မဟုတ်ပါဘူး။ လယ်သမားတွေက အစိုးရ အမတော်ကြေးလို့ ခေါ်ကြပါတယ်။
အမတော်ကြေးငွေ ချေးဖို့လာတဲ့ ဝန်ထမ်းတွေရဲ့ ခရီးစရိတ်၊ စားသောက်စရိတ်များကို လယ်သမားတွေက ချေးငွေထဲကစုပြီး မျှခံကြရပါတယ်။ ရွာလူကြီးအိမ်မှာ ချက်ပြုတ်စား သောက်ကြပါတယ်။ “သူတို့စားတဲ့ကြက်က တိုက်ကြက်မို့ ဈေးကြီးတယ်” ဆိုတဲ့ခေတ်ပေါ့ လေ။ စိုက်ပျိုးစရိတ် မလုံလောက်ရင် မိုးစပါးကြိုရောင်းတာမျိုး၊ အခြားနေရာမှာ အတိုးကြီး နဲ့ချေးငှားရတာမျိုး အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းရပါတယ်။
ဓာတ်မြေသြဇာတွေကို အစိုးရဈေးနှုန်းနဲ့ စိုက်ပျိုးရေးဌာနက ရောင်းပါတယ်။ ထုံးစံ အတိုင်း ရွာလူကြီးကပဲ လယ်သမားတွေကိုယ်စား မြို့မှာသွားထုတ်ယူရပါတယ်။ ခရီးစရိတ်၊ စားသောက်စရိတ်တွေကို စုပြီးခံကြရတာပေါ့။
လယ်သမားတွေဟာ ကိုယ့်လယ်မှာ ကိုယ်စိုက်ပျိုးချင်တဲ့ စပါးမျိုးစေ့ကိုစိုက်ခွင့် မရှိ ပါဘူး။ အစိုးရက သတ်မှတ်ပေးတဲ့ စပါးမျိုးစေ့ကို စိုက်ရပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် ဒီနှစ်မှာ မစိုက်တော့ဘူးဆိုပြီး နားနေလို့လဲ မရပါဘူး။ စိုက်ပျိုးလို့ ထွက်ရှိလာတဲ့ စပါးတွေကို ကိုယ့်သဘောအတိုင်း ကြိုက်တဲ့ဈေးနဲ့ ကြိုက်တဲ့နေရာမှာ ရောင်းချခွင့်မရှိပါဘူး။
အစိုးရက သတ်မှတ်တဲ့ဈေးနဲ့ သတ်မှတ်တဲ့တင်းရေကို သတ်မှတ်ရက်အတွင်း သတ်မှတ်ထားတဲ့နေရာမှာ ကိုယ့်လှည်းပေါ်တင်သွားပြီး ရောင်း(သွင်း)ရပါတယ်။ ဒီနှစ်ရာသီ ဥတုဖောက်ပြန်လို့၊ ပိုးမွှားဖျက်ဆီးလို့ စပါးအထွက်မကောင်းပါ လျှော့ပြီးသွင်းပါရစေလို့ တောင်းပန်လို့ မရပါဘူး။ အခြားလယ်သမားဆီမှာ ပြင်ပပေါက်ဈေးနဲ့ဝယ်ပြီး သွင်းရပါတယ်။ တာဝန်မကျေရင် အရေးယူခံ ရပါတယ်။
ကိုယ်တို့ရွာကနေ လယ်သမားတွေ စပါးသွင်းရမယ့်နေရာ(အဝယ်ဒိုင်ရှိရာ)ကို လှည်းနဲ့ သွားရင် နေ့တစ်ဝက်ခရီး ရှိပါတယ်။ စပါးအဝယ်ဒိုင်ရှေ့မှာ တာဝန်ကျေ စပါးသွင်းဖို့ တန်းစီ ပြီးစောင့်နေကြတဲ့ ရွာပေါင်းစုံက လယ်သမားတွေရဲ့ လှည်းတန်းကြီးဟာ တစ်မျှော်တစ်ခေါ် ကြီးပါပဲ။
အရင်နေ့တွေက လယ်သမားတွေ သွင်းထားတဲ့ စပါးပုံကြီးကလည်း တကယ့်ကို တောင်ပုံရာပုံ ပါပဲ။ “ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ဆိုတဲ့စကားဟာ တောင်သူ လယ်သမားတွေအတွက် အိပ်မက်သာဖြစ်ခဲ့ပေမဲ့ သက်ဆိုင်ရာတွေအတွက် တကယ်ရှိတာကို လက်တွေ့ သိမြင်ခဲ့ရပါတယ်။
လယ်သမားတွေရဲ့ လက်တွေ့ဘဝမှာ တာဝန်ကျေစပါး၊ အမတော်ကြေး၊ မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမား၊ ဝမ်းစာစပါးအစရှိတဲ့ ကုန်ကျစရိတ်တွေကို ထုတ်နှုတ်ပြီးမှသာ အမြတ်လို့တွက်ဆနိုင်တာဖြစ်လို့ တကယ့်ကို ခါးသီးလွန်းလှ ပါတယ်။
ဒါပေမဲ့လည်း လယ်အများကြီးပိုင်ပြီး ကိုယ်တိုင်လယ်မလုပ်ဘဲ သီးစားချစားသူတွေ၊ လယ်ယာထွက်ကုန်တွေကို ရောင်းဝယ်ဖောက်ကားသူတွေကတော့ ချမ်းသာပြီးရင်း ချမ်းသာ နေကြသူတွေလည်း အမြောက်အမြားရှိပါတယ်။
ဥယျာဉ်ခြံအနေနဲ့ ရာဘာကို အဓိကထား စိုက်ပျိုးကြပါတယ်။ ရွာရဲ့ပတ်လည်မှာ ရာဘာခြံကြီးတွေရှိပါတယ်။ ရာဘာဟာ အစိုးရစီမံကိန်းဝင် နှစ်ရှည်ပင်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ခြံကထွက်တဲ့ ရာဘာကို ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ဈေးနဲ့ ရောင်းခွင့်မရှိပါဘူး။ သတ်မှတ်တဲ့နေရာမှာ အရည်အသွေး အဆင့်အတန်း ခွဲခြားပြီး သတ်မှတ်တဲ့ဈေးနဲ့ ရောင်းကြ ရပါတယ်။ ရောင်းတဲ့စာရင်းအတိုင်းကို အခွန်ဌာနက အမြတ်အခွန်ကို တင်းတင်းကြပ်ကြပ် ကောက်ခံလေ့ ရှိပါတယ်။
ဒါကြောင့် ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူတစ်ချို့က ကြိုက်ဈေးမရဘဲ အခွန်ဆောင်ရ တဲ့ အစိုးရအဝယ်ဒိုင်တွေမှာ နည်းနည်းပဲအရောင်းပြပြီး ဈေးကောင်းလည်းရ အခွန်လည်း မဆောင်ရတဲ့ “မှောင်ခို” ဈေးကွက်မှာ များများရောင်းကြပါတယ်။
ကိုယ်တို့ဘဝကို “မှောင်ခို” ဆိုတဲ့ စကားလုံးဟာ ဆယ်စုနစ်နဲ့ချီပြီး လွှမ်းမိုးတွင်ကျယ် ခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ အင်္ကျီ ဘောင်းဘီ ထီး ဖိနပ် စီးကရက် ကစလို့ သွားတိုက်ဆေး ဆပ်ပြာအထိ အရည်သွေးကောင်းကောင်းလိုချင်ရင် မှောင်ခိုဈေးကွက်မှာ ဝယ်ရပါတယ်။ ယုတ်စွအဆုံး ရုပ်ရှင်လက်မှတ် ဝယ်တာတောင် မှောင်ခိုဝယ်ပြီး ကြည့်မှ သက်တောင့်သက်သာ ရှိပါတယ်။
အဲဒီတုန်းကတော့ ဘာကြောင့် မှောင်ခိုဈေးကွက်ဆိုတာ ရှိနေရတာလဲ၊ ဒီဈေးကွက် မှာရှိတဲ့ ကုန်ပစ္စည်းတွေက ဘာဖြစ်လို့ အရည်အသွေးကောင်းနေရတာလဲ၊ ဘယ်လိုအခြေ အနေမျိုးမှာ မှောင်ခိုဈေးကွက်ဆိုတာ မလိုအပ်တော့တာလဲ အစရှိတဲ့ အတွေးတွေ၊ မေးခွန်း တွေကို ကိုယ်တို့အနေနဲ့ မတွေးခဲ့ မမေးခဲ့မိရိုးအမှန်ပါ။
(ဧသုနိုင်)
ဆက်လက်ဖော်ပြပါမည် >>>>>
<<<<<< ❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၆) ❞