တစ်သောင်းတန်၊ ငါးထောင်တန် ကျပ်ငွေအတု ထားဝယ်ဈေးကွက်တွင် အသုံးပြုလာသည်ကို တွေ့ရှိလာရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
Dawei Watch ၏စုံစမ်းမေးမြန်းချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ငါးထောင်ကျပ်တန်ငွေစက္ကူအတု တွေ့ရှိမူ နှစ်ကြိမ်ရှိကြောင်း သိရသည်။
ပထမတစ်ကြိမ် ကုန်စုံဆိုင်တစ်ဆိုင်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတစ်ရွက်ဖြင့် ဈေးလာဝယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာမူ ငွေစက္ကူအထပ်လိုက်ထဲတွင် ရောပါလာခြင်းဖြစ်သည်။
ပထမအကြိမ်တွင် ငွေအတုအစစ်ခွဲခြားသည့် ဓာတ်မီးဖြင့်စစ်ဆေးတွေ့ရှိပြီး ဒုတိယအကြိမ်တွင်မူ ငွေအတုအစစ်ခွဲနိုင်သည့် ငွေရေစက်ဖြင့် စစ်ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ထားဝယ်ဒေသခံတို့က ပြောဆိုကြသည်။
“ကျွန်တော်ကတော့ လာဝယ်တဲ့သူကိုခေါ်ပြီး (ငွေစက္ကူအတုကို) ပြန်ပေးလိုက်တယ်။ အတုလည်းဝယ်လို့ရတာပဲ လို့ပြောပြီးပြန်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ဆိုသည်။
ပြီးသည့် ငါးလဝန်းကျင်ကလည်း ထားဝယ်ဒေသရှိ ဆောက်လုပ်ရေး လုပ်သားများအား လစာရှင်းပေးမည့် ငွေစက္ကူများအနက် တစ်သောင်းတန်ငွေစက္ကူအတု ခုနစ်ရွက် တွေ့ရှိခဲ့ဖူးကြောင်း အွန်လိုင်းငွေပေးချေစနစ်ဖြင့် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
Facebook လူမူကွန်ရက်စာမျက်နှာတွင်လည်း ကျပ်ငွေအတုရောင်းဝယ်သည်ကို အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါ်တင်တင် ပြုလုပ်လာကြသည်။
ယင်းကဲ့သို့ အွန်လိုင်းပေါ်တွင် ကျပ်ငွေအတုများ ရောင်းဝယ်နေကြသည်ကိုလည်း သိရှိထားကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

“ဒါတွေနဲ့ပတ်သက်ပြီး သတင်းပေးတဲ့သူရှိရင်တော့ စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားမှာပေါ့။ ဒီအတိုင်း( ငွေအတု) ကို သိမ်းထားတယ်ဆိုရင်တော့ ငွေကြေးဥပဒေတွေနဲ့ အရေးယူမှာပေါ့” ဟု ၎င်းကဆိုသည်။
ပြည်သူများမှာ တစ်သောင်းကျပ်တန်နှင့် ငါးထောင်ကျပ်တန်ကဲ့သို့သော ငွေစက္ကူများ လက်ဝယ်ကိုင်တွယ် အသုံးပြုရန် စိုးရိမ်လာကြသူများရှိသလို စစ်ကောင်စီက ယင်းငွေစက္ကူများအား ဖျက်သိမ်းလိုက်မည်ကိုလည်း စိုးရိမ်လာကြသည်။
စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးတစ်ဦးကမူ “ ဘယ်တော့မှ ဒီငွေကြေးနဲ့ပတ်သက်လို့ မဖျက်သိမ်းပါဘူးလို့ ကြေညာပြီးသားပဲ။ ကိုယ့်လက်ထဲကငွေကို စိတ်မချဘူးဆိုရင် ဘဏ်မှာသွားအပ်လိုက်ပေါ့” ဟုဆိုသည်။
သို့သော် ပြည်သူအများစုမှာ ဘဏ်တွေကိုလည်း မယုံကြည်တော့သဖြင့် ယခင်အပ်ငွေများကိုပင် အလုအယက် ရာခိုင်းနှုန်းပေး ပြန်ထုတ်သူများ ယနေ့အချိန်အထိ ရှိနေဆဲဖြစ်သည်။
စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ငွေအတု အရောင်းအဝယ်ကိစ္စ ဖော်ထုတ်နိုင်ရန် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းပြောဆိုသည်။
ပြည်သူအချို့မှာ ငွေအတုဖြင့် လာရောက်ဝယ်ယူသူတို့ကို စစ်ကောင်စီထံ တိုင်ကြားရန်ဝန်လေးနေကြသည်။
“အဓိကကတော့ သူတို့(စစ်ကောင်စီ) နဲ့ ပတ်သက်ရမှာကို ကြောက်လို့ပေါ့နော်။ ကိုယ်ကသွားတိုင်ရင် ဒလန်လို့ထင်ခံရမှာ အဲတာတွေလည်းတွေးရသေးတယ်။ အဓိကက ကိုယ့်လုံခြုံရေးစိုးရိမ်ရလို့ တိုင်ကြားတာမျိုး မလုပ်ချင်ကြဘူး” ဟု ငွေတုကိစ္စ ကိုယ်တိုင်ကြုံတွေ့ရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
မတ်လအတွင်း ငွေစက္ကူအတုဝယ်ယူနိုင်သည်ဟုဆိုကာ ငွေကြေးလိမ်လည်သူ ၇ ဦးကို ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့သည့် မတ်လက သတင်းထုတ်ပြန်ခဲ့ဖူးသည်။