“ဆုတံဆိပ်တွေလား..၊ တစ်ခုမှ မရှိ တော့ဘူးကွ၊ မက်လည်း မမက်မော အားလုံး ပေးပစ်လိုက်ပြီ..”
သူ့အသံက တစ်ခုခုကို သရော်ချင် စိတ်တွေ..၊ ဘဝကို ဟားတိုက်ပစ်လိုက် ချင်စိတ်တွေနှင့်အတူ ရောပြွမ်းထွက် ကျလာ၏..။ ထားဝယ်ဘုရားကြီးဝင်းရှိ နောင်တော်ကြီးစေတီ၏ ဆည်းလည်းသံလေးများကလည်း သူ့အခံဓာတ်ကို ထောက်ပံ့တိုးဆွပေးနေ သယောင်ယောင်..၊ ကလူကျီစယ်နေသယောင်ယောင်..။
သူ့အမည်ကို “ဦးစိန်ဝင်း” ဟု မိတ်ဆက်လျှင် မည်သူမျှ အရေးတယူ မရှိနိုင်..။ သို့သော်… “ဒါ မြန်မာ့ဘောလုံး ရွှေခေတ်ရဲ့ မဟာတံတိုင်းကြီးလေ..၊ ဘားမားစိန်ဝင်းကွ” ဆိုလျှင် တခုတ်တရ ရှိကြကြည့်ကြ မိတ်ဆက်ကြလိမ့်မည် ထင်ပါသည်။
ယင်းဆည်းလည်းသံများကို မရိုး မအီ ဆယ်စုနှစ်ချီ လာထိုင်နားထောင်နေတတ်သော..၊ အသားညိုညစ်ညစ် ပိန် ပိန်ရှည်ရှည် တောသားဂိုက်ပေါက်နေသော အဖိုးအိုကြီးတစ်ဦးကို ဘုရားဖူးများ နှင့်တကွ သူ့အကြောင်း အတွင်းကျကျ မသိသူများက “ကမ္ဘာ့အလယ် မြန်မာ့ဂုဏ် ဝင်ထည်စေခဲ့ဖူးသူတစ်ဦး” အဖြစ် မသိကြပေ။ မသိနိုင်ကြပေ..။ သူ့ပင်ကိုစရိုက် က ဂုဏ်ဖော်(ခံ) ရတာ မကြိုက်..။
“ငါ အားလုံးကို မေ့ထားလိုက်ပြီ..၊ ဘာမှ မမှတ်ထားတော့ဘူး..”
အမှန်ပင် အချို့အချက်အလက်များ သူ တေးမှတ် မထားတော့..။
သူပါဝင်ကစားခဲ့သည့် ဗမာ့လက်ရွေးစင် ဘောလုံးအသင်း၏ အအောင်မြင် ဆုံးရွှေသက္ကရာဇ် အာရှအမြင့်ဆုံး ဆုဖလားကြီး ၃ လုံးစလုံး တစ်နှစ်တည်းရသည့် ခုနှစ်ကိုပင် သူမမှတ်မိတော့..။ ( ဂျကာတာဖလား၊ တောင်ကိုးရီးယား ပတ်ချုံဟိ ဖလား၊ မလေးရှား မာဒေးကားဖလားတို့ကို (၁၉၇၁)ခုနှစ်တွင် ရခဲ့ကြောင်း အားကစားဆောင်းပါးရှင် ဟန်စိုးသွေးထံမှ သိရသည်။)
“မွေးသက္ကရာဇ်တော့ မှတ်မိတယ် ဟေ့..၊ မြူနီစီပယ်ရုံးရှေ့က ကျောက် တိုင်နဲ့ တစ်နှစ်တည်းမွေးတာကွ..၊ ဟား ဟား..”
၁၉၄၂ မှာ သူ့ကို ထားဝယ်တွင် မွေးပြီး အေဘီအမ်(ထားဝယ် အ.ထ.က -၃)ကျောင်းတွင် ဆယ်တန်းအထိ နေခဲ့၏။ သူ စတင်ခြေသွေးရာ၊ ဝါသနာကို ပျိုးထောင်ရာက ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲများ..။ ထိုစဉ်က သူသည် မိုက်တိ မိုက်ကန်း တိုက်စစ်မှူး..။
“အမှတ်(၁) ကျောင်းအသင်းက ဂိုးသမားဘိုခဲနဲ့ ဘောပွဲမှာ ထိုးခဲ့ဖူး သကွ..”
ဆယ်တန်းနှစ် မော်လမြိုင်တွင် ကျင်းပသည့် ခရိုင်ကြီးများဖလား အပါအဝင် အခြားဘောလုံးပွဲများကိုသာ လိုက်ကန်နေသဖြင့် စာမကျက်နိုင်..။ ၂ နှစ် ဆက်ကျသောအခါ ဆက်မဖြေတော့..။
“ဘောကန်ဖို့ အခြားမြို့တွေသွားတိုင်း စာအုပ်တွေယူသွားပေမယ့် မကျက် ဖြစ်ဘူးလေ..၊ စာဘက် စိတ်မှ မပါတော့ဘဲ.. ”
ဌာနဘောလုံးအသင်းများ ခေတ်စားနေဆဲဖြစ်ပြီး ဘောလုံးသမားများအား ဌာနများက သီးသန့်ခေါ်မွေးတတ်သောခေတ် အသက် ၁၈နှစ်အရွယ် ဆယ်တန်းရှုံးလေး စိန်ဝင်းအား တိုင်းသစ်တောဌာနမှ ခေါ်လေ၏။ လစာက ၈၂ ကျပ်..။
ယင်းအသင်းတွင် ရှေ့နောက်လယ် ပြောင်းကစားရင်း နေရာ အထိုင်မကျသလို ထားဝယ် ဘောလုံးသမားဘဝကလည်း အထိုင်မကျ..။
ရန်ကုန် မီးရထားအသင်းမှ ဘောလုံးသမား ခေါ်သောအခါ လျှောက်ထားရန် ရန်ကုန်ရောက်သွား၏။ မီးရထားအသင်းတွင် သွားမလျှောက်ခင် ဗိုလ်မှူး ဖေမြင့်နှင့်ဆုံပြီး သူ့တပ်ရင်းတွင် လာကစားရန် ခေါ်သောအခါ မင်္ဂလာဒုံရှိ အမှတ်(၁) လေ့ကျင့်ရေးတပ်သို့ ပါသွားလေ၏။
“တပ်ထဲရောက်တော့ စစ်သားဖြစ် သွားပါလေရောကွာ..၊ စစ်သင်တန်းတွေလည်း တက်လိုက်ရပေါ့..”
ဘောလုံးကန်နေသည့် သူ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်ဘောလုံးအသင်း တည်ရှိရာ မှော်ဘီဗိုလ်သင်တန်း ကျောင်းသို့ ပို့လိုက်သောအခါ ယင်းအသင်းတွင် နောက်တန်းအလယ်လူ(ခံစစ်မှူး)အဖြင့် ရန်ကုန်ပွဲများ စတင် ကန်ခွင့်ရခဲ့၏။ သူ့ကစားပုံကို တွေ့သွားသောအခါ တပ်မ တော်(ကြည်း)အသင်းက တော်ကောက်လိုက်ပြန်၏။
တပ်မတော်(ကြည်း)အသင်းမှာ ၃ နှစ်ခန့် ကစားပြီးနောက် ၁၉၇၀ ခုနှစ်တွင် သူ့အား ဘားမားလက်ရွေးစင် အသင်းကြီးက တော်ကောက်လိုက်ပါတော့၏။
“နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင် အသင်းကြီးက ရွေးလိုက်တော့ အတော့်ကို ပျော်ခဲ့တယ်ပေါ့ကွာ..၊ ဒါ ဘောလုံးသမားတိုင်းရဲ့ အကြီးမားဆုံး အိပ်မက်လေ..”
နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံး ဘောလုံးအသင်းတွင် နောက်တန်း ခံစစ်မှူး တစ်ဦးအဖြစ် နိုင်ငံတကာပြိုင်ပွဲပေါင်း များစွာဝင်ကာ မြန်မာ့ဘောလုံးရွှေခေတ် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့မှုအပေါ် သူ ဂုဏ်ယူမဆုံး.။
သူမှတ်မိသလောက်ဆိုလျှင် ရတောင့်ရခဲ တောင်ကိုးရီးယား ပတ်ချုံဟီး ဖလားကို ၃နှစ် ဆက်တိုက်ရခဲ့၏။(၁၉၇၁၊ ၁၉၇၂ တွင် တစ်သင်းတည်းရခဲ့ပြီး ၁၉၇၃ တွင်မူ ကမ္ဘောဒီယားနှင့်တွဲဖက်ရခဲ့ကြောင်း ဟန်စိုးသွေးထံမှ သိရ၏)။ ၁၉၇၂ ဂျာမနီနိုင်ငံတွင် ကျင်းပသည့် မြူး နစ်အိုလံပစ်တွင် ဆူဒန်ကို နိုင်၊ ရုရှားကို ရှုံးပြီး နောက်တပွဲ သရေကျသောအခါ အုပ်စုမှ ထွက်ရသော်လည်း အသန့်ရှင်းဆုံးဆု ရခဲ့၏။ တစ်နှစ်တည်း အာရှ အထင်ကရဖလား ၃ လုံး ရခဲ့ဖူးသည်က သူ့ကစားဘဝ၏ ရွှေခေတ်သက်သေ..။
“ငါတို့ ကစားချိန် အဓိကပြိုင်ဘက်က အာရှမှာဆို တောင်ကိုးရီးယား အသင်းလေ..၊ ထိုင်းကတော့ ငယ်နိုင်ပေါ့ကွာ.. ဟဲ ဟဲ..”
ယင်းခေတ် တာဝန်ရှိသူတို့နှင့် ဝါသနာရှင်ပရိသတ်တို့၏ အားပေးမှုသည် အလွန်အားကောင်းခဲ့သော်လည်း ယင်း အားပေးမှုများသည် သူတို့ကစားသမား များ၏ ဘဝနောင်ရေးအတွက် အထောက်အပံ့ မဖြစ်လာခဲ့။ နိုင်ငံ့ကိုယ်စားပြု ဘောလုံးကန်နေစဉ်ကာလအတွင်း တပ်မှ ပေးသော မူရင်း(တပ်ကြပ်ကြီး) ရာထူး လစာမှအပ အခြားထောက်ပံ့ကြေး မရှိခဲ့..။
” အရင်က လူအားနဲ့ပဲ အားပေး တယ်လေ..၊ အဆိုတော် မာမာအေးတို့ဆို ကားခေါင်းပေါ်ထိ တက်လာပြီး ပန်းကုံးတွေစွပ်တဲ့ အထိပေါ့..၊ ဒါပေမယ့် ငွေတွေ ဆုချတဲ့ ဓလေ့က မထွန်းကား သေးဘူးလေ..၊ ဒီဘက်ခေတ်လိုဆိုရင်တော့ ငါတို့ သူဌေးတွေ ဖြစ်နေပြီပေါ့ကွာ..”
သူသူဌေးမဟုတ်သော်လည်း ကျောင်းနေဘက် သူ့ငယ်ချစ် နော်ပေပေးခေါ် မခင်ပြုံး(တိုင်းသံပြားပစ် လက်ရွေးစင်ဟောင်း)က လက်ရွေးစင်ဖြစ်ကာစတွင် ယုံကြည်အားကိုစွာ လက်ထပ်၏။ ထိုအခါက ရန်ကုန်တပ်ရင်းသည် သူ့တို့ ကွန်းခိုရာ..။
၁၉၇၆ တွင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၌ ဗိုလ်ကြီးကျော်စိန်ထွန်းအစား အခြား စစ်ဗိုလ်တစ်ဦး ဖြစ်လာသောအခါ သူအပါအဝင် လူဟောင်း ၇ ဦးအား အနားပေးကာ နည်းပြသင်တန်းကို အတင်းတက်ခိုင်းသောအခါ သူသည် ဘားမား လက်ရွေးစင်မှ အို၍ အပယ်ခံရသော အိုဘားမား (Old Burma-အိုးဘားမား) ဖြစ်သွားရလေ၏။
“အတူကန်ခဲ့တဲ့ ဗဟာဒူး၊ မောင်မောင်တင်၊ ဂိုးတင်အောင်၊ ကိုလှဌေး၊ အေးမောင်ကြီး၊ ဆပ်သီးခေါ် သန်းစိုးတို့လည်း အနားပေးလိုက်တဲ့အထဲ တစ်ချီ တည်းပါသွားတယ် ထင်ပါရဲ့..”
သူ့အသံက တိမ်ဝင်သွား၏..။ သူ့ရဲ့ ညိုမွဲမွဲမျက်ဝန်းတွေ အရည်စိုရွှဲလာပြီး မျက်တောင်စိပ်စိပ် ခပ်၏။ သို့သော် ခဏအတွင်းမှာပင် ပုံမှန်အနေအထားသို့ ပြန်ရောက်၏။
ယင်း အသက် ၃၁ နှစ် အရွယ်ကလည်း ထို့နည်းတူ။ အားကစားသမား ပီသစွာ စိတ်ခံစားမှုကြောင့် သူ မယိုင်နွဲ့ခဲ့..။ သူတက်ခွင့်ရခဲ့သော နည်းပြ သင်တန်းမှ ချီးမြှင့်ခံရသည့် ပထမဆုကို ရင်ဝယ်ပိုက်ကာ သူ၏ အသင်းဟောင်း ကြည်းတပ်အသင်းသို့ပြန် နည်းပြ လုပ်၏။
ယင်းသည် သူ့နည်းပြဘ၀ အစ..။ ကြည်းတပ်အသင်းနည်းပြအဖြင့် ၃ နှစ်ခန့် လုပ်ပြီးနောက် တပ်မှပင်စင်ယူကာ ၁၉၇၉ တွင် ထားဝယ်ပြန်ခဲ့၏။ အသင်းအဖွဲ့၊ ဌာနဘောလုံးအသင်းများ ခေတ်ထနေဆဲ ထားဝယ်တွင် ကမြောကင်း သတ္တုသန့်စင်စက်ရုံတွင် ဘောလုံးအသင်းတည်ထောင်ပေးကာ နည်းပြလုပ်ခဲ့၏။
” ငါကိုင်တွယ်တဲ့ သန့်စင်စက်ရုံ အသင်းက ဒေသအတွင်းမှာ တော်တော်လေးတော့ အောင်မြင်ခဲ့သကွ..”
ကြားထဲတွင် ထားဝယ်မြို့ လက်ရွေးစင်၊ တနင်္သာရီတိုင်းလက် ရွေးစင်အသင်းတို့ကို ကိုင်တွယ် နည်းပြပေးခဲ့သေး၏..။ ယင်းသို့ ထားဝယ်နည်းပြလောကတွင် ၃ နှစ်ခန့် ကျင်လည်ပြီးနောက် သူသည် ဘောလုံးလောကကို လုံးဝစွန့်ခွာလိုက်တော့၏..။
“ဘောလုံးလောကက နားလိုက်ချိန် စုမိတာဆိုလို့ သားသမီး ၃ ယောက်ပဲ ရှိတယ်ဆိုပါတော့ကွာ..”
နားလိုက်သောသူ့အား ထားဝယ်ဘောလုံးလောကမှ အမြဲ ကမ်းလှမ်း၏။ သို့သော်သူ ခြေဦးလုံးဝမလှည့်တော့။ ကြုံရာ ကုန်ရောင်းဝယ်ရင်းသာ အသက်မွေးတော့၏..။
“ဒီမှာက ဘောလုံးသမားတွေကို ထောက်ပံ့ကူညီမှု အရမ်းနည်းတယ်..၊ ကြက်ဥလေးတစ်လုံး ပိုတောင်းရင်တောင် မကျွေးနိုင်ရင်.. ကြာတော့ ကစားတဲ့ ကလေးတွေမျက်နှာ မကြည့်ရက်တော့ဘူးပေါ့..၊ အားကစားဆိုတာ လေ့ကျင့်နေရုံနဲ့ မရဘူးလေ..၊ အထောက်အပံ့ ပစ္စည်းတွေ ကောင်းဖို့လည်း လိုတယ်..”
ခုတော့ အိုဘားမား(Old Burma -အိုးဘားမား) ဘဝမှသည် အိုမင်းရင့် ရော်နေပြီဖြစ်သော အိုဘားမားကြီး ဦးစိန်ဝင်းတစ်ယောက် ဘုရားကြီး ဝင်းအတွင်း နေ့တိုင်းလာကာ ဘုရားဝင်း ဝေယျာဝစ္စများကို လုပ်ကိုင်ရင်း နေညိုချိန်ဘဝ၏ နောက်တန်းကစားသမားအဖြစ် သိုသို သိပ်သိပ် ကစားနေလေပြီ..။ တိုက်ဆိုင်မှုရှိလွန်း ချိန်များမှအပ သူ၏ အောင်မြင်မှု မှတ်တိုင်များအကြောင်း ပြန်ပြောင်းသတိတရ မရှိလှတော့..။
၆ နှစ်တိုင်တိုင် ကစားခဲ့သည့် ဘားမားလက်ရွေးစင်အသင်း လိုက်မဆိုထား သူ့တစ်ကိုယ်ရည် ရရှိဖူးသော နိုင်ငံတစ်ကာအဆင့် ရွှေတံဆိပ် ၉ ခု၊ ငွေ ၁ ခုနှင့် ကြေး ၂ ခုတို့ကိုပင် တစ်ခြားသူများအား ပေးပစ်လိုက်လေပြီ..။ အချို့သော ခံပြင်း နာကြည်းချက်တို့သည်လည်း အချိန်များကို ဖြတ်သန်းလိုက်သောအခါ လှောင်ရီစရာများ ဖြစ်သွားခဲ့ရလပြီ..။
” အဲဒီ တံဆိပ်တွေက ဝယ်စားလို့မှ မရတာကွာ..၊ ဟား ဟား ဟား..”