BREAKING
January 11, 2025

မတ္တရာတွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားကြောင်း MDY-PDF ပြော

July 31, 2024

ပုံစာ - ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - MDY-PDF

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းယူထားပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။

ငါးလုံးပြွန်ကျေးရွာ တပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံ သိမ်းယူရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MDY-PDF ဇူလိုင်လ ၁၆ရက်က မတ္တရာမြို့နယ် စစ်ရေးသတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်စခန်း ၂၈ ခု သိမ်းယူထားသည်ဟု ဖော်ပြခဲ့သဖြင့် ယင်းနောက်ပိုင်းတွင် အထက်ပါ စခန်း ခုနစ်ကို ထပ်မံသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်ရေးလှိုင်းမှာ မန္တလေးအထိ ဆင်းလာနေပြီဖြစ်သောကြောင့် စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်းစားပြင်ဆင်လုပ်ဆောင်ရန် ပိုများလာကြောင်း ဇူလိုင်လ ၃၀ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုသည်။

စစ်ရေးအခြေအနေ အနေအထားများကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက် ကဏ္ဍအသီးသီး အတွက် ကြိုတင်ပြင်ဆင်မှသာလျှင် အုပ်ချုပ်ရေးယန္တရားကို စနစ်တကျထူထောင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရှမ်းမြောက်တွင် တစ်ကျော့ပြန်စတင်သည့် ၁၀၂၇ စစ်ဆင်ရေးနှင့် တစ်ဆက်တည်း စစ်ရေးဖော်ဆောင်သည့် မန္တလေးတိုင်းတွင် စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းယူထားသည်။