BREAKING
January 16, 2025

ပုလောကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်ကို KNDO မိုင်းခွဲဖျက်ဆီး

July 31, 2024

ပုံစာ - မိုင်းခွဲဖျက်ဆီးခံရသည့် ပုလောကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်

ပုလောမြို့နယ်၊ ပုလောကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ခွဲ (၅) က ဇူလိုင်လ ၃၀ ရက်တွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်အပတ်က ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များ စခန်းစွန့်ခွာပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီး၏ နေအိမ်ကို ယင်းသို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ပျူစောထီးတို့၏ နေအိမ် ရှစ်လုံးကိုလည်း ချိပ်ပိတ်ကာ နေအိမ်ထဲရှိ ပစ္စည်းနှင့် ရိက္ခာတို့ကို ဒေသခံများအား ဝေငှပေးလိုက်ကြောင်းKNDO တပ်ခွဲ (၅)တာဝန်ရှိသူ ကိုဗဟုက ပြောသည်။

ဦးကုလားနီးမှာ လက်နက်ကိုင် ပျူစောထီးလည်းဖြစ်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် တော်လှန်ရေးနှင့် ဆက်နွယ်သူများကို ဖမ်းဆီးထောင်ချခြင်း၊ နေအိမ်များကိုချိပ်ပိတ်ခြင်း၊ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ငွေကြေးကောက်ခြင်းစသည့်တို့ကိုလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် နေအိမ်ကို မိုင်းဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်ပြီး ယင်းသို့ ဖျက်ဆီးခြင်းသည် KNU က ချမှတ်ထားသည့် စစ်သည်တော်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် သွေဖယ်မှုမရှိဘဲ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကိုဗဟုက ပြောဆိုသည်။

“တစ်ရွာလုံးက သူ့ကြောင့်နဲ့ လုံးဝ ရွာထဲမှာနေလို့မရဘူး။ အိမ်ခြေက ၈၀၀ ကျော်လောက်ရှိတယ်၊ ရွာသားတွေ အားလုံး ပြေးရတယ်။ အမှန်တရားဘက်က ရပ်တည်တဲ့လူငယ်တွေ အားလုံးဖမ်းတယ်။ ပြီးတော့ အိမ်တွေကိုချိပ်ပိတ်တယ်။ တော်တော်များများက ပြည်ပရောက်သွားတယ်။ လူငယ်တွေအများအားဖြင့် တချို့မိသားစုတစ်စုလုံး ဘဝပျက်သွားတဲ့ လူတွေရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ် မိုင်းခွဲဖျက်ဆီးခံရမှုကို အင်တာနက်လူမှုကွန်ရက်တွင် တွေ့ရှိသဖြင့် သိရှိကြောင်း ပုလောမြို့နယ်က စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကိုယ်တွေလည်း (စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး) သူတို့တွေကြောင့်ပဲ ရွာမှာမနေရဘဲ ထွက်ပြေးလာရတယ်။ ဒေသခံတွေရဲ့ အိမ်တွေကိုလည်း သူတို့တွေ ဒီလိုပဲ ဖျက်ဆီးတာပဲ။ ကိုယ်တွေခံစားရသလို သူတို့တွေလည်း ပြန်ခံစားရတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပုလောကုန်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက လအတန်ကြာပိတ်ဆို့ထားသဖြင့် ရိက္ခာ၊ ဆေးဝါး၊ စစ်လက်နက်၊ စစ်ကူရရှိမှု အခက်အခဲများရှိသည့်အပြင် စစ်ကောင်စီတပ်တွင် စစ်သည်အင်အားနည်းလာသဖြင့် စခန်းစွန့်ခွာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကိုဗဟုက ဆိုသည်။

နယ်မြေရှင်းလင်းချိန်တွင် ခြေနင်းမိုင်း၊ မြေမြှုပ်မိုင်း အလုံးရေ ၁၀၀ ကျော်ရရှိခဲ့ပြီး လက်လုပ်တူမီးသေနတ် နှစ်လက်နှင့် ရိက္ခာအချို့ရရှိခဲ့ကြောင်း၎င်းက ပြောဆိုသည်

ထိုစခန်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) အင်အား ၃၀ ခန့်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။