BREAKING
January 11, 2025

အရေးပေါ်ကာလ ၆လ ထပ်တိုးရန် စစ်ခေါင်းဆောင် ကိုယ်တိုင်အဆိုပြုပြီး ကိုယ်တိုင်ဆုံးဖြတ်

July 31, 2024

ဓာတ်ပုံ - EPA

အရေးပေါ်ကာလကို ခြောက်ကြိမ်မြောက်အဖြစ် ထပ်မံခြောက်လသက်တမ်း တိုးလိုက်ကြောင်း နိုင်ငံ၏ထိပ်ပိုင်းရာထူးများကို တစ်ဦးတည်း ရယူထားသည့် စစ်ခေါင်းဆောင်က ကြေညာလိုက်သည်။

ကာလုံဟုခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပကာ သက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

သမ္မတက ဦးဆောင်ခေါ်ယူကျင်းပရသည့် ကာလုံအစည်းအဝေးကို အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်က ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတတင်မြှောက်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် တင်မြှောက်ခဲ့သည့် သမ္မတ၊ ဒုသမ္မတ သုံးဦးစလုံး မပါဝင်ဘဲ ကျင်းပခြင်း ဖြစ်သည်။

ယင်းအပြင် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေကြောင့် တာဝန်လွှဲပြောင်းသည်ဆိုကာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူပြီးနောက် ပထမဆုံးအကြိမ် ကာလုံအစည်းအဝေး ခေါ်ယူခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဟူသည့် ထိပ်ပိုင်းရာထူးများ အားလုံးကို တစ်ဦးတည်း ရယူထားသူလည်းဖြစ်သည်။

ယနေ့ ကာလုံအစည်းအဝေးတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခြင်း မရှိခဲ့ပေ။ ကာလုံတွင် ၁၁ ဦး ပါဝင်သည့်အနက် ခြောက်ဦးဖြင့် ကျင်းပခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ရန်လိုအပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲစာရင်းရရှိရေးအတွက် သန်းခေါင်စာရင်းကောက်ယူရန် မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ကြောင့် နောက်ထပ် ခြောက်လ သက်တမ်းတိုးရန် ကာလုံက သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။