BREAKING
September 19, 2024

တစ်ဘေးပေါ် တစ်ဘေးဆင့် ဘေးအမြင့် ပတ်ခြံရံ

July 31, 2024

ရေဘေးအကြား စစ်ကြောင်းက ထပ်ထိုးသေးသည်။ မကပါ။ လေကြောင်းကလည်း တိုက်သေးသည်။ တနင်္သာရီဒေသ၏ ရှေးဟောင်းမြို့ငယ် ကလေးမှာ တစ်ဘေးပေါ် တစ်ဘေးဆင့်ခံနေရသည်။ တနင်္သာရီမြစ် မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသသည်လည်း ထိုနည်းလည်းကောင်းပင်။

စစ်အာဏာသိမ်းထားသည့် ရက်ပေါင်း ၁၂၇၇ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင် ၃၁ တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့က ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) အစည်းအဝေးခေါ်ပြီး အာဏာသိမ်းကာကို ခြောက်လ ထပ်မံသက်တမ်းတိုးလိုက်သည်။

စစ်ခေါင်းဆောင်နှင့် အဖွဲ့က အာဏာတည်မြဲရေး ကြိုးစားနေချိန်တွင် ပြည်သူများကတော့ ရေကြီးရေလျှံမှုများနှင့် ကပ်ဘေးအမျိုးမျိုးကို ခါးစည်းခံနေကြရသည်။

စစ်ကောင်စီက ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်နေသည့် တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးမပြတ်သလို မနေ့ (ဇူလိုင်လ ၃၀ ရက်နေ့) ကလည်း လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇူလိုင်လ တတိယအပတ်မှစပြီး သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် တိုင်းအတွင်းရှိ နေရာအများစုတွင် ရေကြီးရေလျှံနေခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်အတွင်း ဇွန်လ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူများ ရေဘေးသင့်နေသော်လည်း စစ်ကြောင်းထိုးမရပ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပါက ကားလမ်းရေကျော်ခြင်း၊ လူနေရပ်ကွက်များအတွင်းသို့ ရေဝင်ခြင်းနှင့် လယ်ကွင်းများအတွင်း ရေပြည့်လျှံခြင်းက နေရာအနှံအပြားတွင် ဖြစ်ပွားလေ့ရှိသည်။

နေရာအများစုတွင် မိုးတိတ်ပါက ရေပြန်ကျသွားလေ့ရှိသော်လည်း တနင်္သာရီမြို့နယ်နှင့် ထားဝယ်အရှေ့တောဒေသတွင် ရက်ရှည် ရေကြီးလေ့ရှိသည်။

ယင်းဒေသနှစ်ခုမှာ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့် ဒေသများဖြစ်သဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ ကုန်းကြောင်းမှ ပြင်းထန်သည့် ထိုးစစ်များ လုပ်လေ့ရှိသည့်အပြင် ရိက္ခာသယ်ယူခွင့် ပိတ်ဆို့ဖြတ်တောက်ထားသည့် ဒေသများလည်း ဖြစ်သည်။

ပဋိပက္ခပြင်းထန်သည့် ယင်းဒေသများတွင် စစ်ဘေးရှောင်များလည်း အများဆုံးရှိနေပြီး တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ရှစ်ထောင်ခန့်ရှိသလို ထားဝယ်အရှေ့တောတွင်လည်း စစ်ဘေးရှောင် ငါးထောင်ကျော် ရှိနေသည်။

ကျေးရွာဒါဇင်ချီ ရေဘေးကြုံနေရသည့် တနင်္သာရီ

တနင်္သာရီမြစ်မှာ ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့အနီးတွင် မြစ်ဖျားခံပြီး တနင်္သာရီမြို့ကိုဖြတ်ကာ ကွေ့ပတ်စီးဆင်းသွားသည့်မြစ်တစ်စင်းဖြစ်သည်။

မြစ်ဖျားခံရာ ထားဝယ်အရှေ့တောဒေသမှ တနင်္သာရီမြို့အထိ မြစ်၏ အရှည်မှာ မိုင်ပေါင်း ၂၆၀ ဝန်းကျင်ရှိသည့် မြစ်တစ်စင်းဖြစ်သည်။

ထို့ကြောင့် ထားဝယ်အရှေ့တောဒေသတွင် မိုးသည်းပါက တနင်္သာမြစ်ရေလျှံကာ တနင်္သာရီမြို့နယ်တွင် ရေကြီးလေ့ရှိသည်။

တနင်္သာရီမြစ်ရေသည် ၁၉၉၄ ခုနှစ်တွင် ၃၆ ပေ ၄လက်မ ၊ ၂၀ဝ၆ ခုနှစ် ပေ ၃ဝ ကျော် နှင့် ၂၀၁၈ ခုနှစ် တွင် ၂၇ ပေ ၃ လက်မ အထိရောက်ခဲ့သည်။

ယခုနှစ်တွင်မူ ဇူလိုင်လ ၃၁ ရက်နေ့ တိုင်းထွာချက်အရ ၃၁ ပေအထိ မြင့်တက်လာပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း စံချိန်တင်သွားကာ တနင်္သာရီမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းဆယ်ချီ ရေကြီးနစ်မြုပ်နေသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တနင်္သာရီမြို့နယ်တွင် အကြီးအကျယ်ရေကြီးခဲ့ဖူးသော်လည်း တိုက်ပွဲနှင့် ပဋိပက္ခမရှိသည့် ကာလဖြစ်သည့်အတွက် သက်သာရာရခဲ့ကြသည်။

ထိုအချိန်က အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီခွင့်ရခဲ့သေးသည်။

လက်ရှိတွင်မူ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ကူသူမဲ့ပြီး ရေဘေးဒုက္ခကို ခါးစည်းခံရုံမှအပ မစွမ်းနိုင်တော့ပေ။

ထို့အပြင် စစ်ကောင်စီက အဆိုပါဒေသတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို လုံးဝပိတ်ပင်ကန့်သတ်ထားသည်။

ယင်းသို့ ကန့်သတ်ထားသည့်အတွက် ရေဘေးကြုံနေရသည့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲပိုကြုံနေရကြောင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“ဈေးဆိုင်တွေလည်း ဖွင့်မရတော့ ရောင်းပေးလို့လည်း မရဘူးလေ။ ဆန်ဆိုလည်း လုံးဝ ဝယ်ဖို့မရှိဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ညောင်ပင်ကွင်းကျေးရွာ အုပ်စုရှိ ညောင်ပင်ကွင်းအရှေ့ကမ်း၊ အနောက်ကမ်း၊ မုတ်ဆိတ်ကွင်း၊ ပျို့အိုင်း၊ ထုံတော့၊ ဘဲကွင်းစသည့်ကျေးရွာများရှိ နေအိမ်အများစု ရေကြီးနစ်မြုပ်နေသည်။

ထို့အပြင် တကူ၊ လမိုင်းကော့၊ သာရဘွင်၊ သိန္ဒေါ၊ ရေပေါ်၊ ဘန်လော၊ ဘန်လင်ကျေးရွာ အစရှိသည့် ကျေးရွာများလည်း ရေဘေးကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ရက်ရှည်ရေဆက်ကြီးနေမည်ဆိုပါက ဆန်အပါအဝင် ရိက္ခာပြတ်လပ်နိုင်သည့်အနေအထားရှိကြောင်း ညောင်ပင်ကွင်းရွာက အထက်ပါဒေသခံက ဆိုသည်။

“ရေသာမကျဘဲ ဆက်တိုက်ကြီးနေဦးမယ်ဆိုရင် အများကြီးကို ဒုက္ခရောက်ကြဦးမှာ”ဟု ၎င်းက ပြောသည်။

ထိုသို့ရေဘေးဒုက္ခကြုံနေရသည့် ကျေးရွာအချို့ရှိ ဒေသခံများမှာ ယခင်ကတည်းက စစ်ဘေးရှောင်နေရသည့်အတွက် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ကြရပြန်သည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းအချို့တွင်ပါ ရေမြုပ်နေပြီး အချို့နေရာများတွင် ရေပတ်လည်ဝိုင်းနေသည့်အတွက် ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များလာပြီး အခက်အခဲပိုတွေ့နေရကြောင်း တနင်္သာရီမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဆေးဝါးတွေက အရင်ကတည်းက ဝယ်ဖို့မရှိဘူးပေါ့။ ရေကထပ်ကြီးလာလို့ ဆိုင်တွေကပိတ်လိုက်တော့ နေမကောင်းဖြစ်ရင်တောင် အသေခံလိုက်ရမယ့် အခြေအနေမျိုးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်ထားသည့် တနင်္သာရီမြို့နယ် တကူတိုက်နယ်အတွင်းရှိ ကျေးရွာအများစုရှိ နေအိမ်အားလုံး ရေကြီးနစ်မြုပ်နေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတစ်ဦးက ဆိုသည်။

၎င်းတို့အခြေပြုထားသည့်ရွာရှိ နေအိမ် ၁၅၀ ကျော်မှာ ရေမြုပ်သွားသည့်အတွက် ကုန်းမြင့်နေရာများ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် နေရာချထားရကြောင်း ၎င်းက ပြောသည်။

“ရေက တအားကြီးနေတယ်။ စစ်ဘေးရှောင်ကနေ ရေဘေးရှောင်ဖြစ်နေတာပေါ့” ဟု အထက်ပါ ဆေးမှူးက ဆိုသည်။

စစ်ဘေးရှောင်အများစုရှိသည့် နေရာများတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲအပြင် သန့်ရှင်းပြီး အန္တရာယ်ကင်းသည့် သောက်သုံးရေ ရရှိရေးကလည်း အဓိက စိန်ခေါ်မှုဖြစ်နေသည်။

လက်ရှိတွင် အနည်းစုသာကျန်တော့သည့် ရေမမြုပ်သေးသည့်နေအိမ်များရှိ ရေတွင်းအချို့တွင် သောက်သုံးရေကို ရနေသေးကြောင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုနေသူတစ်ဦးက ဆိုသည်။

“သောက်ရေစင် (သောက်သုံးရေ) ကတော့ ကုန်းမြင့်ပိုင်းမှာ ရှိနေတော့ အဆင်ပြေနေတယ်။ မမြုပ်တဲ့အိမ်မှာ လိုက်ခပ်လို့လည်း ရသေးတဲ့ အခြေအနေဖြစ်နေတာပေါ့။ ရေကြီးမှု ပိုမြင့်လာရင် သောက်သုံးရေအခက်အခဲရှိလာနိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ်၏ ဒေသဆိုင်ရာအချက်အလက်များအရ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တနင်္သာရီမြို့အတွင်းတွင်လည်း ရေကြီးရေလျှံဖြစ်နေပြီး အန္တရာယ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေသည်။

ဇူလိုင်လ ၂၇ ရက်နေ့က အန္တရာယ်ရေအမှတ်အဖြစ် သတ်မှတ်ထားသည့် ၂၄ ပေ ကိုရောက်လာခြင်းဖြစ်သည်။

ထိုနောက် ဇူလိုင်လ ၂၉ ရက်နေ့တွင် အန္တရာယ်ရေအမှတ်ကိုကျော်ပြီး ၂၇ ပေ ၇ လက်မအထိ မြင့်တက်လာကာ ၃၁ ရက်နေ့တွင် ၃၁ ပေအထိ ရှိလာသည်။

ယင်းသို့ မြစ်ရေတိုးလာသဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်တွင် တနင်္သာရီမြို့အတွင်းရှိ သုခလမ်း၊ မင်္ဂလာငယ်လမ်း၊ မင်္ဂလာကြီး(၁)လမ်း၊ မြို့ဝင်လမ်းမှအပ ကျန်သည့်နေရာအားလုံး ရေမြုပ်သွားပြီဖြစ်သည်။

ထို့ကြောင့် မြို့ခံများက ရေဘေးလွှတ်ရာ စုရပ်များသို့ ရွှေ့ပြောင်းထားသော်လည်း ရေဘေးရှောင်များပြားသည့်အတွက် နေရာအခက်အခဲဖြစ်နေကြောင်း မြို့ခံအချို့က ဆိုသည်။

ထိုသို့ ရေဘေးကြုံနေရသော်လည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်အတွက် အကူအညီပေးမည့် အဖွဲ့အစည်းများ မရှိတော့ကြောင်း ညောင်ပင်ကွင်းရွာ ဒေသခံက ဆိုသည်။

“စစ်ရေးတင်းမာနေတော့ ဘာအဖွဲ့အစည်းမှလည်း လာလို့မရဲလို့များလားပေါ့။ ရေစကြီးတဲ့ရက်ကတောင် ရွာမှာ ညနေပိုင်း ရေထဲ လက်နက်ကြီးကျသေးတယ်”ဟု ၎င်းက ပြောသည်။

ရေဘေးကြားက စစ်ဒဏ်ခံရသည့်ရွာ

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် ရေကြီး၍ ပြည်သူများရေဘေးကြုံနေရချိန်တွင် စစ်ကောင်စီတပ်က လယ်သစ်ရွာဘက်ကို တောက်လျှောက်စစ်ကြောင်းထိုးနေသည်။

လယ်သစ်ကျေးရွာမှာ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် နယ်နမိတ်စပ်ကြားတွင် တည်ရှိနေသည့် ကျေးရွာဖြစ်သည်။

လယ်သစ်ရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ရေကြီးလာခြင်းဖြစ်ပြီး လက်ရှိတွင် ရွာအတွင်းရှိ နေအိမ်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လယ်သစ်ရွာမှာက တစ်ထပ်အိမ်ဆိုရင် တစ်ခုလုံးမြုပ်နေတဲ့အနေအထားပေါ့။ လယ်သစ်ရွာမှာက တစ်ရွာလုံးမြုပ်နေတဲ့ အနေအထားပါ” ဟု ၎င်းက ပြောသည်။

ပြည်သူများ ရေဘေးအကြီးအကျယ်ကြုံနေရချိန်တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက တနင်္သာရီမြို့နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းစထိုးနေခြင်းဖြစ်ပြီး လက်ရှိတွင် လယ်သစ်ရွာဝန်းကျင်ကို ရောက်နေပြီဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။

ဒေသတစ်ခုလုံး ရေဘေးအကြီးအကျယ်ကြုံနေရချိန်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေခြင်းဖြစ်သည်။

“ပစ္စည်းတွေ ပြောင်းဖို့ စစ်ဘေးရှောင်ဖို့ လှေတွေဘာတွေနဲ့ ခက်ခဲနေတဲ့အချိန်မှာ လူတွေက အငတ်ဘေးကြုံနေတဲ့အနေအထားမှာ စစ်ကြောင်းကပါ ထိုးတယ်ဆိုတော့ ပိုပြီးတော့ဆိုးတာပေါ့” ဟု အထက်ပါဒေသခံက ပြောသည်။

ရေဘေးကြုံနေရချိန် စစ်ကြောင်းထိုးလာသည့်အပြင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေကလည်း စစ်ကောင်စီလေတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးအလုံးရေဆယ်ချီ ကြဲချတိုက်ခိုက်ပြန်သည်။

စစ်ကောင်စီလေတပ်က Mi-2 ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၃လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်နီးပါး ရေကြီးလေ့ရှိသည့် ထားဝယ်ဒေသ

တနင်္သာရီမြစ်အစပျိုးရာ ထားဝယ်အရှေ့တောဒေသတွင်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည်အထိ ရေကြီးရေလျှံခဲ့သည်။

ထားဝယ်မြို့အထွက် ဇလွန်းရွာမှ ပကာရီရွာကျော်သည်အထိ လမ်းပိုင်းနေရာများတွင် နှစ်တိုင်းနီးပါး ရေကြီးရေလျှံလေ့ရှိပြီး ယခုနှစ်တွင်လည်း ရေကြီးကာ ကားများဖြတ်သန်း၍မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သေးသည်။

အဆိုပါလမ်းပိုင်းရှိ ချဉ်ပေါင်တော၊ ၈ မိုင်၊ ပကာရီ အစရှိသည့်နေရာများက နှစ်စဉ်နီးပါးကားလမ်းရေကျော်လေ့ရှိသော်လည်း တစ်ပတ်ခန့်အတွင်း ရေပြန်ကျသွားလေ့ရှိသည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။

ပြီးခဲ့သည့်အပတ်ကလည်း ရွာအတွင်းရှိ မြေနိမ့်ပိုင်းနေရာအချို့တွင် လူနှစ်ရပ်ကျော် အထိရေမြုပ်ခဲ့ကြောင်း ပကာရီရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“တို့ရွာတွေက အခုမှ ရေကြီးပြီး ရေမြုပ်တာမဟုတ်ဘူး။ အရင်တည်းက ရေကြီးနေကျဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေရှိတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်အပတ်ကမူ ရွာရှိနေအိမ်အားလုံးနီးပါး ရေဝင်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်ထားကြသည့်အတွက် အခက်အခဲ ကြီးကြီးမားမားမရှိကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။

လက်ရှိတွင်မူ အဆိုပါလမ်းတစ်လျှောက် ရေပြန်ကျသွားပြီး ဆိုင်ကယ်နှင့် ကားများပင် သွားလာနေပြီဖြစ်သည်။

ထို့အတူ ရန်ကုန်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ နေရာအချို့တွင်လည်း ဇူလိုင်လ ၂၆ ရက်နေ့မှစကာ လေးရက်ဆက်တိုက် ရေကြီးရေလျှံခဲ့သည်။

၃၆မိုင် ၊ ၃၉ မိုင် ၊ ဟိန္ဇဲ နဲ့ ရေပုံးရွာများတွင် ကားလမ်းမပေါ်ရေကျော်နေသဖြင့် ခရီးသွားကားအစီးရေ ၆၀ ပိတ်မိနေခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် ရေပြန်ကျသွားသည်။

ထိုအခြေအနေတွင် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ လာမည့် ၂ ရက်အတွင်း မိုးပိုရွာမည်ဟု မိုးဇလဌာနက ဇူလိုင်လ ၃၀ ရက်နေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

လတ်တလောအခြေအနေအထိ တနင်္သာရီတိုင်းတွင် ရေကြီးရေလျှံမှုကြောင့် အများဆုံး အခက်အခဲကြုံနေရသည့် ဒေသမှာ တနင်္သာရီမြို့နယ်ဖြစ်သည်။

ဆက်လက်မိုးများပါက အခြားဒေသများတွင်လည်း အခက်အခဲများ ပိုမိုကြုံနိုင်သလို တနင်္သာရီမြို့နယ်တွင်လည်း ရိက္ခာပြတ်သည်အထိ ဖြစ်နိုင်သော အခြေအနေတွင် ရှိနေသည်။

လက်ရှိအချိန်တွင် ယခင်က စုဆောင်းထားသည့် ဆန်နှင့်ရိက္ခာ အနည်းအကျဉ်းရှိနေသေးသော်လည်း ကာလကြာရှည် ရေကြီးနေပါက အခက်တွေ့လာနိုင်ကြောင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာနေ အမျိုးသမီးက ယခုလိုဆိုသည်။

“နောက်ရက်တွေဆိုရင် ဖြစ်သလို စားဖြစ်လာလိမ့်မယ်။ ကြာလာရင် ငတ်ပြတ်လာကြမှာပေါ့”