BREAKING
October 18, 2024

လစာကို ဘဏ်စနစ်ဖြင့်လွှဲသည့် MoU မြန်မာလုပ်သားများကိုသာ သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီအကျပ်ကိုင်

July 31, 2024

ပုံစာ - ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ဧပြီလက လေကြောင်းဖြင့် ဝင်လာသော MoU မြန်မာလုပ်သားများ။ ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး။

ထိုင်းတွင် MoU စနစ်ဖြင့် တရားဝင်လုပ်ကိုင်ပြီး လေးနှစ်သက်တမ်းပြည့်သူများ မြန်မာနိုင်ငံသို့ပြန်ပြီး သက်တမ်းတိုးရာတွင် လစာငွေ ၂၅ ရာခိုင်နှုန်းကို ဘဏ်စနစ်ဖြင့် လွှဲထားသူများကိုသာ သက်တိုးခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၃၀ရက်တွင် ထုတ်ပြန်သည်။

ထိုင်းသို့ MoU စနစ်ဟုခေါ်သည့် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာအရစေလွှတ်သည့် အလုပ်သမားများသည် လေးနှစ် ပြည့်လျှင် မြန်မာနယ်စပ် ကော့သောင်းနှင့် မြဝတီမြို့များရှိ MoU U-turn စခန်းများတွင် (နေရပ်ပြန်သက်တမ်းတိုးခြင်း) U-turn လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးပြီး ထိုင်းသို့ ပြန်ဝင်ရသည်။

ယင်းသို့ သက်တမ်းတိုး လိုသူများမှာ အခြေခံလစာ သုံးလစာ၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ဘတ် ၆၀၀၀ ကို မြန်မာ ပြည်တွင်းရှိ ဘဏ်များသို့ ငွေလွှဲထားကြောင်း အထောက်အထား ပြသရမည်ဖြစ်ကြောင်း တင်းကျပ်လာခြင်း ဖြစ်သည်။

လာမည့် ဩဂုတ်လ ၁ ရက်မှစ၍ မြန်မာနိုင်ငံရှိ မိသားစုဝင်များသို့ဖြစ်စေ အလုပ်သမားကိုယ်တိုင်၏ ဘဏ်စာရင်းသို့ ဖြစ်စေ တရားဝင် ငွေလွှဲထားကြောင်း အထောက်အထားပြနိုင်မှသာ MoU စနစ်ဖြင့် သက်တမ်းတိုးခွင့်ပြု၍ ပြန်လည်စေလွှတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ယခုလကုန်မှစ၍ နယ်စပ်ပြန် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်းရှိ မိသားစုဝင်များ သို့မဟုတ် ပြည်တွင်းရှိမိမိဘဏ်အကောင့်ထဲသို့ ဘတ် ၆၀၀၀ ကို မဖြစ်မနေ ကြိုတင်လွှဲပြောင်းထားရမည်ဖြစ်ကြောင်း ထိုင်းရှိ မြန်မာသံရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အရင်တည်းက ပြည်တွင်းကို (လစာရဲ့) ၂၅ ရာခိုင်နှုန်း အမြဲလွှဲဖို့ သူတို့ (စစ်ကောင်စီ) ပြောနေတယ်။ အဲဒီတုန်းက မလွှဲထား တဲ့သူတွေ အခုတစ်ခါတည်း ပေါင်းလွှဲပေးပေါ့။ ငွေမလွှဲထားရင် ရုံးကနေ (သံရုံး/နယ်စပ်ရုံး) လက်မှတ် မထိုးပေးတော့ဘူး။ ငွေလွှဲထားတဲ့ စလစ်ပြမှကို ရမယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားများ ပြည်တွင်းသို့ ငွေလွှဲရာတွင်လည်း ပြည်တွင်းရှိ ဘဏ်တိုင်းသို့ ငွေလွှဲ၍ မရဘဲ စစ်ကောင်စီက သတ်မှတ် ထားသော ဘဏ်နှင့် သတ်မှတ်ထားသော နှုန်းထားအတိုင်း ငွေလွှဲရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်တွင်းငွေ လွှဲပေးပို့ရမည့် အထောက်အထားကိစ္စများနှင့် ငွေလဲနှုန်းထားကိစ္စများ သိရှိနိုင်ရန် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ယနေ့ နေ့လယ်ပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ပြည်တွင်းငွေလွှဲရန် သတ်မှတ်ထားသောဘဏ်နှင့် နှုန်းထားများကို စစ်ကောင်စီက မည်သို့ သတ်မှတ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကမ္ဘောဇဘဏ်က သတ်မှတ်ထားသော ယနေ့ (ဇူလိုင် ၃၁) ငွေလွှဲဈေးနှုန်းအရ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၀၂ ကျပ် ရှိသည်။ ပြင်ပတွင်မူ ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၁၄၇ ကျပ်အထိ ပေါက်နေသည်။

နယ်စပ်ပြန်သက်တမ်းတိုးရာတွင် ပွဲစားဖြင့် လုပ်ဆောင်နေရသောကြောင့် ငွေကြေး အကုန်အကျများနေရာ ယခုတဖန် စစ်ကောင်စီက ပြည်တွင်းငွေလွှဲအထောက်အထားပြခိုင်းခြင်းသည် အလုပ်သမားများကို ပိုအခက်တွေ့စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ထိုင်းရောက် MoU မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“အစ်ကိုတို့ သွားတိုးတုန်းက ငွေလွှဲပြေစာတွေ ပြစရာမလိုဘူး။ အဲဒီစာထွက်တာက အခု ၈ လပိုင်း ၁ ရက်နေ့မှဆိုတော့ အဲဒီနောက်ပိုင်း သွားတိုးတဲ့သူတွေ ပြရမယ်ထင်ပါတယ်။ နောက်လူတွေက ပိုခက်ခဲလာတော့မယ်” ဟု ယခုဇူလိုင်လတွင် နယ်စပ်ပြန်သက်တမ်းတိုးခဲ့သော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

U-Turn စနစ်ဖြင့် နယ်စပ်ပြန်သက်တမ်းတိုးခ ဘတ် ၂၀၀၀၀ အထိ ပွဲစားမျာကို ပေးချေခဲ့ရပြီး အလုပ်လုပ်ခွင့်ဗီဇာသက်တမ်း ၂ နှစ်ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

သက်တမ်းတိုးမည့် အလုပ်သမားများသည် စာရွက်စာတမ်းအသစ်လျှောက်ရကာ စာချုပ်အသစ်ချုပ်ဆိုရကာ နယ်စပ်အထွက် ပြရခြင်းဖြစ်ပြီး ယခုစစ်ကောင်စီကသတ်မှတ်နှုန်းအတိုင်း ပြည်တွင်းသို့ ငွေလွှဲခိုင်းခြင်းသည် အလုပ်သမားများကို ပိုမိုအခက် တွေ့စေခဲ့ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များကလည်း ဆိုသည်။

သက်တမ်းတိုးရန်အတွက် နိုင်ငံကူးလက်မှတ်ကို အရင်သက်တမ်းတိုးထားရပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး၍ မရပါက နေရပ်အပြီးပြန် သို့မဟုတ် တရားမဝင် ပြန်လည်ဖြစ်သွားနိုင်ကြောင်း အလုပ်သမားကူညီရေး လုပ်ဆောင်နေသူများက သတိပေးထားသည်။