BREAKING
January 16, 2025

တနင်္သာရီ ရေကြီးမှုတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး၊ တစ်ဦးပျောက်ဆုံး

July 31, 2024

ပုံစာ - တကူတိုက်နယ်အတွင်း ရေကြီးရေလျှံနေသည့်မြင်ကွင်းအား ဇူလိုင် ၃ဝ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ချမ်းမြေ့

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ ပြည့်အေးရွာတွင် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရေကြီးရေလျှံမှုအတွင်း အသက် ၃ဝ ဝန်းကျင် အမျိုးသားနှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၉ ရက်က ရေနစ်ပျောက်ဆုံးနေသည့် ပြည့်အေးရွာသား ကိုဇော်ထွေး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်တွင် ပြန်ဆယ်ယူရရှိပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။

“တစ်ယောက်ပဲ ပြန်တွေ့သေးတယ်။ မနေ့ (၃ဝရက်) က နစ်တဲ့တစ်ယောက်ကတော့ ပြန်မတွေ့ရသေးဘူး။ ပျောက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြစ်ရေတက်မှုကြောင့် တကူတိုက်နယ်ရှိ ရပ်ကွက် ၁၄ ခုစလုံး ရေကြီးရေလျှံနေပြီး ရေအဝင်များသည့် ရပ်ကွက်များတွင် နေထိုင်သူများသည် ကုန်းအမြင့်ပိုင်းရှိ စာသင်ကျောင်းနှင့် ရေလွတ်ရာ ရပ်ကွက်များရှိ ဆွေမျိုးနီးစပ်သူများထံ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ရွာသားများထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်တွင် အန္တရာယ် ရေအမှတ်ထက် ၆ ပေ ၁ လက်မ ကျော်အထိ ရောက်ရှိနေပြီး မြို့တွင်းရှိ လမ်းလေးလမ်းမှအပ ရပ်ကွက်အားလုံး ရေမြုပ်နေပြီဖြစ်ကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။

“ရွှေ့ပြောင်းတဲ့သူက များပြီး ရွှေ့ပေးဖို့ ကူတဲ့သူနည်းနေတယ်။ အခက်အခဲကတော့ အများကြီးပဲ။ စုရပ်တွေမှာလည်း လူပြည့်နေပြီ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၁ ရက်ကစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် နေ့စဉ်နှင့်အမျှတိုးလာခဲ့ပြီး မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာအုပ်စု ဆယ်ရွာထက်မနည်း ရေဘေးဒဏ်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။