BREAKING
January 16, 2025

ဒေသခံများသွားသည့် လမ်းပေါ် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထား

July 31, 2024

ပုံစာ - ဇူလိုင်လ ၂၈ ရက်က ရေခမ်းချောင်းကျေးရွာတွင် မြေမြှပ်မိုင်းရှင်းလင်းနေစဉ်။ ဓာတ်ပုံ - TPL အဖွဲ့။

တနင်္သာရီမြို့နယ်တွင် ဒေသခံများသွားလာနေသည့် ကျေးရွာလမ်းများ၌ စစ်ကောင်စီတပ်က မိုင်းများထောင်ထားကြောင်း ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော တနင်္သာရီလွတ်မြောက်ရေး အင်အားစု (TLF) ကပြောဆိုလိုက်သည်။

ပြည်သူများ အန္တရာယ်ရှိနေသဖြင့် စစ်ကောင်စီတပ်က လမ်းပေါ်တွင် ထောင်ထားသည့်မိုင်းများ ပြန်ရှင်းလင်းပေးရန် ယင်းအဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက် ခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်က အနီးကျေးရွာများရှိ ဒေသခံများ၏ ဥယျာဉ်ခြံများ၊ ကုန်ထုတ်လမ်းများပေါ်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိကြောင်း TLF အဖွဲ့တာဝန်ခံ ဆှန်ဝါးက ပြောဆိုသည်။

ဇဝဲကျေးရွာအုပ်စု ရေခမ်းချောင်းကျေးရွာတွင် ဒေသခံများသွားသည့်လမ်းပေါ်‌ စစ်ကောင်စီတပ်ထောင်ထားသည့် GYAT-၆၄ အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံးကိုလည်း ၎င်းတို့တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်ကပင် ရှင်းလင်းပေးခဲ့ရကြောင်း ပြောသည်။

ယင်းသို့ပင် မတ်လ ၃၀ ရက်ကလည်း မယင်းကြီးကျေးရွာအုပ်စု အော်ကြီးရွာလမ်းဆုံရှိ ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်း လေးလုံးကို ရှင်းလင်းပေးခဲ့ရကြောင်း TLF ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလနှင့် ဧပြီလအတွင်းက ရေခမ်းချောင်းကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ကလေးငယ်တစ်ဦး အပါအဝင် ဒဏ်ရာရသူ ၃ ဦးရှိခဲ့သည်။

စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့များ ထိခိုက်စေရန် အများပြည်သူသွား လမ်းပေါ်တွင် မြေမြှုပ်မိုင်းထောင်ထားသော်လည်း ထိုမိုင်းတို့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထိခိုက်မှုမရှိဘဲ အရပ်သားများကိုသာ ထိခိုက်နေကြောင်း TPL အဖွဲ့ တာဝန်ခံ ဆှန်ဝါးက ပြောသည်။

ယင်းအပြင် တွေ့ရှိသည့်မြေမြှုပ်မိုင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မည်သည့်အကာအကွယ်မှမရှိဘဲ အသက်စွန့်ရှင်းလင်းနေရသဖြင့် မိုင်းအားလုံးကို ရှင်းလင်းပေးရန်မှာလည်း မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းအတွက်ကြောင့် အများပြည်သူသွားလမ်း‌ေပါ်တွင် ၎င်းတို့ထောင်ထားသော မိုင်းများအား ရှင်းလင်းဖယ်ရှားပေးရန် စစ်ကောင်စီတပ်အား တောင်းဆိုခြင်းဖြစ်ကြောင်း ဆှန်ဝါးက ပြောဆိုသည်။

“အဲဒီလမ်းတွေကို ကျွန်‌တော်တို့ သွားလည်းမသွားဘူး။ ကျွန်တော်တို့မှာ ထိခိုက်မှုမရှိဘူး။ ရွာသားတွေပဲ ထိခိုက်တာ။ မိုင်းလက်ကျန်တွေ ဘယ်နေရာမှာရှိတယ်ဆိုတာလည်း သူတို့(စစ်ကောင်စီတပ်) ကပဲသိနိုင်မယ်။ အဲတော့ သူတို့ရှင်းလင်းပေးမှပဲ ရွာသားတွေ စိတ်ချမ်းသာရမယ်။ ပြည်သူကိုပဲမျက်နှာမူပြီး ကျွန်တော်တို့ မိုင်းတွေရှင်းပေးဖို့ တောင်းဆိုရတာ” ဟု ဆှန်ဝါးက ဆိုသည်။

ဒေသခံများမှာ စားဝတ်နေရေးအတွက် ဥယျာဉ်ခြံများအတွင်းသို့ မိုင်းများကြားမှ ဖြတ်သန်းသွားလာနေရပြီး မကြာခဏ ထိခိုက်သေဆုံးနေကြသည်။