BREAKING
September 20, 2024

စစ်ဘေးကြားက ရေဘေးဒုက္ခသည်များ

July 31, 2024

တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်ငါးသောင်းကျော် ရှိနေသည့် တနင်္သာရီတိုင်းတွင် ဇူလိုင်လတတိယပတ် ဝန်းကျင်မှစကာ မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

မိုးသည်းထန်စွာရွာသွန်းပါက ကားလမ်းမရေကျော်ခြင်း၊ နေအိမ်ရပ်ကွက်များအတွင်း ရေဝင်ခြင်းများ ကြုံကြရပြီး မြို့နယ်အများစုတွင် မိုးစဲရေစဲဖြစ်လေ့ရှိသော်လည်း ရေပြန်မကျဘဲ ရက်ရှည်ရေကြီးသည့် ဒေသများလည်းရှိသည်။

အထူးသဖြင့် တိုက်ပွဲများပြင်ထန်ခဲ့ပြီး စစ်ဘေးရှောင် အများအပြားရှိနေသည့် တနင်္သာရီမြို့နယ်နှင့် ထားဝယ်အရှေ့တော ဒေသများတွင် ရက်ရှည်ရေကြီးလေ့ရှိသည်။

အဆိုပါဒေသများတွင် ယခင်ကာလများကတည်းက ရေကြီးရေလျှံလေ့ရှိသော်လည်း ကူညီပေးသည့် ပရဟိတအသင်းအဖွဲ့များ အားကောင်းသည့်အတွက် ရေဘေးကြုံရသူများမှာ အတော်အသင့်သက်သာရာရခဲ့သည်။

ထိုအပြင် နယ်မြေအေးချမ်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် ကုန်ဈေးနှုန်းအတက်အကျနည်းခြင်း စသည့်အချက်များကြောင့်လည်း ရေဘေးကြုံလာပါက လူထုစုပေါင်းအားဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြသည်။

ယခုအခြေအနေတွင် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်ကွပ်မှုများကြောင့် ပရဟိတအသင်းအဖွဲ့များ နည်းပါးနေသလို ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုများလည်းရှိနေသည်။

ရေဘေးနှင့် စစ်ဘေးဒဏ်ပြင်းပြင်း ထန်ထန်ခံနေရသည့် တနင်္သာရီမြို့နယ်နှင့် ထားဝယ်အရှေ့တောဒေသများတွင်လည်း စစ်ကောင်စီက ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အတွက် ဒေသခံများမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ရေကြီးရေလျှံမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုအပြင် သောက်ရေရရန်ပင် ခက်ခဲနေသည့် ဒေသများလည်း ရှိနေသည်။

ထိုကြောင့် ကပ်ဘေးနှစ်ခုဒဏ်ကို ခံနေရသည့် တောင်ပိုင်းသားများ၏ အခက်အခဲ၊ အကျပ်အတည်းများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ဆန်ဆိုလည်း လုံးဝ ဝယ်ဖို့မရှိဘူး။ ရေမကြီးခင်ကတည်းက စစ်ကောင်စီက ဘာမှသယ်ယူခွင့်မပေးထားဘူးလေ”

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာသားတစ်ဦး

DW ။ လက်ရှိရေကြီးနေတဲ့အခြေအနေက ဘယ်လိုလဲ။ အရင်နှစ်တွေနဲ့စာရင် ရေကြီးတာက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဇူလိုင် ၂၇ရက်နေ့က ရွာလမ်းပေါ်စရောက်တာဆိုတော့ အခုဆိုရေကြီးတာက ၃ရက်ရှိပြီပေါ့။ မိုးတော့အရမ်းမရွာဘူး။ ရေကဆက်တိုက်တက်နေတယ်။ ညဘက်တော့ မိုးရွာတယ်။ ရေကတိုး(ရေတက်) မြန်တယ်။ ထပ်တိုးဖို့လည်း အခြေအနေရှိနေတာပေါ့။ စိုးရိမ်ရမယ့်အခြေအနေတော့ရှိတယ်။

DW ။ အနီးအနားက ဘယ်နှစ်ရွာလောက်မှာ ရေကြီးနေလဲ။ ခန့်မှန်းခြေအရဆိုရင် အိမ်ခြေဘယ်လောက် ရေဘေးခံနေရလဲ။

ဖြေ ။ ညောင်ပင်ကွင်း(ကျေးရွာ) အုပ်စုထဲမှာဆိုရင်တော့ ညောင်ပင်ကွင်းအရှေ့ကမ်း ၊အနောက်ကမ်း၊ မုတ်ဆိတ်ကွင်း၊ ပျို့အိုင်း၊ ထုံတော့၊ ဘဲကွင်းပေါ့။ ရေက တစ်ချို့ ကုန်းတွင်းပိုင်းအိမ်တွေမှာ မမြုပ်တဲ့အိမ်တွေလည်းရှိတယ်ဆိုတော့ ဘယ်နှစ်အိမ်လောက်မြုပ်လဲဆိုတာကိုတော့ ခန့်မှန်းရခက်တာပေါ့။

DW ။ ဒီလိုရေကြီးနေတော့ စားရေး သောက်ရေးနဲ့ သောက်သုံးရေလိုအပ်ချက်တွေက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဈေးဆိုင်တွေလည်းဖွင့်မရတော့ ရောင်းပေးလို့လည်းမရဘူးလေ။ ဆန်ဆိုလည်း လုံးဝ ဝယ်ဖို့မရှိဘူး။ ရေမကြီးခင်ကတည်းက စစ်ကောင်စီက ဘာမှသယ်ယူခွင့်မပေးထားဘူးလေ။ ကိုယ့်အိမ်မှာကိုယ်စားဖို့လောက်ပဲရှိကြတယ်။ ရေမကျဘဲ ဆက်တိုက်ကြီးနေဦးမယ်ဆိုရင် အများကြီးကို ဒုက္ခရောက်ကြဦးမှာ။ ဈေးကတော့ ကုန်းပေါ်တဲ့နေရာတွေမှာ ရောင်းနေကြတယ်။ လှေရှိတဲ့သူတွေကတော့ အဆင်ပြေတာပေါ့။ လှေမရှိတဲ့သူတွေကတော့ ဖြစ်သလိုနေနေကြရတယ်။ သောက်ရေစင်(သောက်သုံးရေ) ကတော့ ကုန်းမြင့်ပိုင်းမှာ ရှိနေတော့ အဆင်ပြေနေတယ်။ မမြုပ်တဲ့အိမ်မှာ လိုက်ခပ်လို့လည်း ရသေးတဲ့ အခြေအနေဖြစ်နေတာပေါ့။ ရေကြီးမှု ပိုမြင့်လာရင် သောက်သုံးရေအခက်အခဲရှိလာနိုင်တာပေါ့။

DW ။ ဒီလိုအခက်အခဲကြုံနေရချိန်မှာ အကူအညီပေးတဲ့သူတွေရှိရဲ့လား။ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေရာ ရှိလား။

ဖြေ ။ အခုချိန်ထိတော့ ဘာအဖွဲ့အစည်းမှ မရှိသေးဘူး။ လာကူညီနေတာလည်းမရှိသေးဘူး။

DW ။ အကူအညီပေးတဲ့အဖွဲ့တွေမရှိဘူးဆိုရင် ဘာကြောင့်မရှိတော့တာလို့ထင်လဲ။

ဖြေ ။ ဘာကြောင့်ဆိုတော့ စစ်ဘေးကြောင့်ဖြစ်မယ်ထင်တယ်။ စစ်ရေးတင်းမာနေတော့ ဘာအဖွဲ့အစည်းမှလည်း လာလို့မရဲလို့များလားပေါ့။ ရေစကြီးတဲ့ရက်ကတောင် ရွာမှာ ညနေပိုင်း ရေထဲ လက်နက်ကြီးကျသေးတယ်။ စစ်ကောင်စီကတော့ သူတို့မပစ်ဘူးလို့ပြောတယ်။ ဘယ်အဖွဲ့အစည်းမှ လာလုပ်ပေးလို့ မရဲလောက်ဘူးထင်တယ်။

DW ။ ဆိုတော့ စားရေးသောက်ရေးကို ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ ရေကအခုမှစတက်တာဆိုတော့ အရင်ရက်က စုဆောင်းထားတာတွေရှိ‌တော့ ဒါတွေပဲ စားသောက်နေကြတယ်။ စားဖို့အဆင်ပြေနေသေးတယ်ပေါ့။ နောက်ရက်တွေဆိုရင် ဖြစ်သလို စားဖြစ်လာလိမ့်မယ်။ ကြာလာရင် ငတ်ပြတ်လာကြမှာပေါ့။

DW ။ တစ်ဖက်မှာကလည်း စစ်ကောင်စီတပ်က ဒီဒေသတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်ထားတယ်ပေ့ါနော်။ ဆိုတော့ အခုလိုကန့်သတ်ထားတော့ အရင်နှစ်ရေကြီးတဲ့အချိန်တွေနဲ့စာရင် ဘယ်လိုအခက်အခဲတွေ ပိုကြုံနေရလဲ။

ဖြေ ။ ဆေးဝါးတွေက အရင်ကတည်းက ဝယ်ဖို့မရှိဘူးပေါ့။ ရေကထပ်ကြီးလာတော့ ဆိုင်တွေကပိတ်လိုက်တော့ နေမကောင်းဖြစ်ရင်တောင် အသေခံလိုက်ရမယ့်အခြေအနေမျိုးဖြစ်နေတယ်။ ဝယ်ဖို့ ဆိုင်မရှိဘူးပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်ရှောင်တွေအနေနဲ့ဆိုရင်တော့ တော်တော်လေး အဖက်ဖက်က ဒုက္ခတွေရှိနေတာပေါ့”

အမျိုးသမီးတစ်ဦး၊ တကူကျေးရွာအုပ်စု၊ တနင်္သာရီမြို့နယ်

DW ။ လက်ရှိရေကြီးနေတဲ့အခြေအနေက ဘယ်လိုနေလဲ။ အရင်နှစ်တွေနဲ့စာရင် ရေကြီးတာက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ရေစတက်တာက (ဇူလိုင်) ၂၅ ရက်နေ့ကနေပြီးတော့ စတက်တာမျိုးပါ။ ဒီနေ့ဆို ရေတက်နေတာ ၄ ရက်မြောက်ဖြစ်ပြီးပေါ့နော်။ ပြီးတော့ ရေက ၁ပေလောက်တိုးတယ်။ ညဘက်ဆိုရင်တော့ ၂ ပေလောက်တိုးတာပေါ့။ ၂၀၁၈ ခုနစ်ကပဲ ရေအရမ်းတက်တာ။ ၂၀၁၈ နောက်ပိုင်း ရေမကြီးတော့တာအခုထိပဲ။ ဒီနှစ်မှ ရေပြန်ကြီးတာပေါ့။ အခုရေကြီးနှုန်းက ၂၀၁၈ နဲ့ စာလိုက်ရင် နှစ်ဆတက်နေတာပေါ့။

DW ။ အနီးအနားက ဘယ်နှစ်ရွာလောက်မှာ ရေကြီးနေလဲ။ ခန့်မှန်းခြေအရဆိုရင် အိမ်ခြေဘယ်လောက် ရေဘေးခံနေရလဲ။

ဖြေ ။ တကူကျေးရွာ၊ လမိုင်းကော့ကျေးရွာ၊ သာရဘွင်ကျေးရွာ၊ သိန္ဒေါကျေးရွာ၊ရေပေါ်၊ ဘန်လော၊ ဘန်လင်၊ ကွန်တော၊ အားလုံးကရေမြုပ်နေကြတာပေါ့။ အိမ်ခြေ ခန့်မှန်းခြေကတော့ ခက်ခဲတာပေါ့။

DW ။ ဒီလိုရေကြီးနေတော့ စားရေး သောက်ရေးနဲ့ သောက်သုံးရေလိုအပ်ချက်တွေက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ အခုကတော့ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာတွေကိုကျတော့လေ ရေနည်းနည်းလေးတက်တာနဲ့ဝယ်စုထားတဲ့ သူတွေကများတယ်ပေါ့နား(နော်) ။ အခြေခံလူတန်းစားနဲ့ လက်လုပ်လက်စားသမားတွေလည်း အတတ်နိုင်ဆုံး ဝယ်ထားကြတယ်ပေါ့နား။ ပြီးတော့ ရေက တကူ(ရွာ)မှာဆိုရင်တော်တော်များများက မြုပ်နေကြတယ်ဆိုတော့လေ။ သောက်သုံးရေကလည်း အရင်နေ့တွေကဆိုရင် ရေတွေရသေးတယ်။ သောက်သုံးရေက ဇူလိုင် ၂၈ နဲ့ ၂၉ နှစ်ရက်ရှိပြီပေါ့နား။ တချို့ရေမမြုပ်တဲ့နေရာတွေကနေပြီးတော့ အဝီစိတွင်းကနေပြီးတော့ သောက်သုံးရေ ရတာမျိုးတော့ရှိတယ်ပေါ့။ လက်လုပ်လက်စား သမားတွေအနေနဲ့တော့ အခြားအလယ်လတ်တန်းစားသူတွေထက် စားရေးသောက်ရေးပိုပင်ပန်းတာပေါ့။

DW ။ ဒီလိုအခက်အခဲကြုံနေရချိန်မှာ အကူအညီပေးတဲ့သူတွေရှိရဲ့လား။ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေရာ ရှိလား။

ဖြေ ။ ရေဘေးအတွက်တော့ စားနပ်ရိက္ခာထောက်ပံ့နေတဲ့အဖွဲ့တွေလည်းရှိတယ်။ အခုလက်ရှိကတော့ ရေအရမ်းမြုပ်တဲ့ အိမ်ထောင်စုတွေကို အိမ်ထောင်စုအလိုက် ရိက္ခာခြောက်၊ မာမားခြောက်တွေ ဝေပေးတာမျိုးတွေရှိတာပေါ့နား။ အရင်က စစ်ဘေးရှောင်အတွက် သုံးဖို့ အတွက်ရော ရေဘေးအတွက် ကြိုးစားပြီး ထောက်ပံ့နေတာမျိုးတွေရှိတယ်။

DW ။ တစ်ဖက်မှာကလည်း စစ်ကောင်စီတပ်က ဒီဒေသတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်ထားတယ်ပေ့ါနော်။ ဆိုတော့ အခုလိုကန့်သတ်ထားတော့ အရင်နှစ်ရေကြီးတဲ့အချိန်တွေနဲ့စာရင် ဘယ်လိုအခက်အခဲတွေ ပိုကြုံနေရလဲ။

ဖြေ ။ ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ အရင်ကဆို စစ်ကောင်စီက ကန့်သတ်ထားတယ်ပေါ့နား။ အခုက ရေကြီးလာတော့ လမ်းပိုင်းဆက်သွယ်ရေးက သွားလာလို့အဆင်မပြေတော့ ရွာဆေးဆိုင်တွေဆီက ပြန်ဝယ်နေရပြီး ဆေးတွေမှာ လိုအပ်တဲ့ဆေးတွေ မရတာလည်းရှိတယ်။ ပြီးတော့ ဈေးတွေကလည်း အရမ်းတက်လာတာတွေရှိတယ်ပေါ့နား။ အရင်တုန်းကဆိုရင် ၂၀၁၈ လောက်က ရေကြီးခဲ့ပေမယ့် အခုလို လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ တာမျိုးလည်းမရှိသလို ကုန်ဈေးနှုန်းက အရမ်း မတက်ဘူးဆိုတော့ ပြည်သူတွေအနေနဲ့အဆင်ပြေတာပေါ့နား။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေလည်း များတော့ အဆင်ပြေတယ်။ အခုကလမ်းပိုင်းဆက်သွယ်ရေး ပိတ်ဆို့တာ၊ စားနပ်ရိက္ခာ ကုန်ဈေးနှုန်းတွေကလည်းတက်တော့ လက်လုပ်လက်စားတွေမှာတော့ တစ်ကယ်ကိုကျပ်တည်းတဲ့ ကာလပေါ့နား။

DW ။ အခုလိုရေကြီးတော့ စားဝတ်နေရေးအပြင် ဥယျာဉ်ခြံတွေပျက်စီးမှုတွေရှိလား။ ပျက်စီးတယ်ဆိုရင် ဘယ်လောက်အထိ ပျက်စီးနေလဲ။

ဖြေ ။ ဥယျာဉ်ခြံပျက်စီးမှုကသိပ်မရှိဘူးပေါ့။ ဟင်းသီးဟင်းရွက်စိုက်တဲ့ သူတွေအတွက်ကတော့ပျက်စီးမှုများတယ်ပေါ့။ ဉယျာဉ်ခြံကတော့ မရှိဘူးပေါ့။ အခု တကူ(ရွာ)ဘက်မှာဆို အားလုံးနီးပါးက ရေမြုပ်သွားတာဆိုတော့ သူတို့အတွက် ဆုံးရှုံးမှု တွေဖြစ်တယ်။ အဓိက ကဟင်းသီးဟင်းရွက်တွေကလည်း ရေမြုပ်တာနဲ့ အကုန်လုံး ပျက်စီးသွားတာဆိုတော့ သူတို့အတွက်နစ်နာမှုတွေရှိတာပေါ့နား။

DW ။ တနင်္သာရီရဲ့လယ်သစ်(ရွာ)ဘက်မှာ ရေကြီးတာအပြင် စစ်ကြောင်းထိုးတာလည်းရှိနေတာနဲ့ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ ဘယ်လိုမျိုးခက်ခဲနေတာရှိလဲ။

ဖြေ ။ အခုလယ်သစ်ဘက်မှာဆိုရင်တော့ ရေမကြီးခင် တိုက်ပွဲကြောင့်စစ်ရှောင်နေတာမျိုးရှိတာပေါ့နား။ လယ်သစ်၊ ပဝတို့ဘက်မှာ ရွာလုံးကျွတ်စစ်ရှောင်နေကြတာပေါ့နား။ တစ်ချို့တစ်ဝက်တော့ ရွာမှာကျန်တာဆိုတော့ အရင်ကတည်းကလည်း ဒီနေရာတွေက ရေလမ်းကြောင်းဖြစ်တဲ့အတွက် အခက်အခဲကတော့ ရှိတာပေါ့။ ဒီတကူဘက်နဲ့ ယှဉ်ရင်တော်တော်လေးက အဆင်မပြေနိုင်ဘူးပေါ့။ လမ်းပိုင်းဆက်သွယ်ရေးအရရောပေါ့နား။

DW ။ စစ်ရှောင်တဲ့နေရာမှာရှိတဲ့ ဒေသခံတွေအနေနဲ့ရောဘယ်လိုမျိုး အခက်အခဲတွေရှိနေနိုင်တာမျိုးလဲ။

ဖြေ ။ စစ်ရှောင်တွေအနေနဲ့ဆိုရင်တော့ တော်တော်လေး အဖက်ဖက်က ဒုက္ခတွေရှိနေတာပေါ့။ စားရေးသောက်ရေးရော၊ နေရေးထိုင်ရေးရော၊ သောက်ရေသုံးရေရော၊ ဆေးဝါးလိုအပ်ချက်လည်းရှိနေတာဆိုတော့ အဖက်ဖက်ကနေပြီးတော့ လိုအပ်ချက်တွေရှိနိုင်တာပေါ့နား။ လယ်သစ်ဘက်မှကလည်း အရင်က အင်တာနက်လိုင်းက သိပ်မရဘူးပေါ့။ ဖုန်းလိုင်းကလည်း နေပူတဲ့အခါမျိုးမှ ရတာမျိုးရှိတာပေါ့။ အခုဆိုရင်ရေကြီးမှုကြောင့်ဖုန်းတိုင်တွေ ရေမြုပ်ပြီးတော့ ပြတ်တောက်နေတာမျိုးလည်းရှိတာပေါ့နား။

DW ။ ကျေးဇူးတင်ပါတယ်။

“မြေနိမ့်ပိုင်းက အိမ်တွေအားလုံးနီးပါးမြုပ်တယ်”

အသက် ၆၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကလုံးထာကျေးရွာ၊ ရေဖြူမြို့နယ်

DW ။ ကလုံးထာမှာ ရေကြီးနေတာ အခုလက်ရှိအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ရေပြန်ကျသွားပြီ။ ၃- ၄ ရက်လောက်ရှိပြီ အခုရေပြန်ကျတာ။ ခါတိုင်း ရေကြီးနေကျနှစ်ထက် ရေပိုကြီးတယ်။ ရေမြုပ်တဲ့အိမ်တွေ တော်တော်များတယ်။ လူတွေပြောင်းရွှေ့ရတာရှိပါတယ်။

DW ။ လူတွေပြောင်းရွေ့ရတာဘယ်လောက်ရှိလဲ။

ဖြေ ။ တစ်ပိုင်းလုံး ပြောင်းရတယ်၊ ဘုန်းကြီးကျောင်းနားနဲ့ ပြင်ကြီးနေရာမှာ ပြောင်းရွှေ့ရတာပိုများတယ်။ မြေနိမ့်ပိုင်းက အိမ်တွေအားလုံးနီးပါးမြုပ်တယ်။

DW ။ ခါတိုင်းနှစ်ထက် ရေပိုကြီးတာမျိုးရှိလား။

ဖြေ ။ ကြီးတာပေါ့၊ ခါတိုင်းနှစ်ထက် ပိုကြီးတယ်။ မြေအနေအထားက တစ်နေရာနဲ့ တစ်နေရာမတူဘူးလေ။ မြေနိမ့်ပိုင်းတွေမှာဆို လူတစ်ရပ်ကျော်တဲ့အထိ အိမ်သေးသေးတွေဆို အားလုံးမြုပ်တာရှိတယ်။ လူ လုံးဝ နေလို့မရတဲ့ အိမ်တွေက တစ်ခြားအိမ်ကို ရွှေ့ပြောင်းနေထိုင်ရတယ်။ အိမ်အောက်ပိုင်းရေဝင်ပေမယ့် လူနေလို့ရတဲ့ အိမ်တွေကတော့ ရွှေ့ပြောင်းတာတွေမလုပ်ဘူးပေါ့။ တစ်ချို့နေရာတွေကတော့ လူခါးစောင်းလောက်အထိ ရေတက်လာတာမျိုး ခြေသလုံးလောက်အထိ ရေဝင်လာတာမျိုးရှိတယ်။

DW ။ အဲတော့ လူတွေအနေနဲ့ စားရေး သောက်ရေး သောက်သုံးရေအတွက် ဘယ်လိုဖြေရှင်းကြရလဲ။

ဖြေ ။ အခက်အခဲက အကြီးအကျယ်တော့မရှိဘူး။ ဒီကလူတွေလည်း တစ်ခြားကိုသွားမရ။ ဈေးရောင်းသမားတွေလည်း ဒီကိုလာမရနဲ့ အဲလို အခက်အခဲလောက်ပဲ။ ကျန်တာက ရွာသားအချင်းချင်းပဲ ကူညီကြတယ်။ ရေမမြုပ်တဲ့ ရေတွင်းတွေရှိသေးတယ်လေ။ အဲဒီရေတွင်းကနေ သောက်ရေသုံးရေရတယ်။ ကိုယ်လည်း ထွက်မရ။ သူတို့လည်း ဒီကိုလာမရဆိုတော့ ရွာမှာရှိတဲ့ ဈေးဆိုင်တွေကနေ ပစ္စည်းတွေ ဝယ်စားရတာပေါ့။ အေး…နည်းနည်းတော့ ကျပ်တည်းသွားတာပေါ့။ မိုးကလည်းကြီး လေကလည်း ပြင်းဆိုတော့ ဓာတ်မီးတိုင်တွေလဲတာလည်း ရှိတယ်။

DW ။ ပရဟိတအဖွဲ့တွေကနေပြီး အထောက်အပံ့တွေလာပေးတာရှိလား။

ဖြေ ။ ပရဟိတအဖွဲ့က ကိုယ့်ရွာနဲ့ကိုယ်ပဲရှိတယ်။ ပရဟိတအဖွဲ့ကတော့ ပစ္စည်းတွေဘာတွေ ကူသယ်ပေး ကဲ့ပေး ဝိုင်းရွှေ့ပေးတာတွေတော့ လုပ်ပေးတာပေါ့။ တခြားကလာတဲ့အဖွဲ့တွေ မရှိဘူး။

DW ။ အခုရေပြန်ကျတော့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်နေ့ကစပြီး ရေစတက်လာလဲ။

ဖြေ ။ အခု ကိုယ့်အိမ်ကိုယ်ပြန်ရောက်တာ ၃၊ ၄ ရက်လောက်တော့ရှိပြီ။ ကလုံးထာဝင်လာတဲ့လမ်းမှာ ၄၀၇(စစ်ကောင်စီတပ်ရင်း) ကနေ ဝင်လာတဲ့လမ်းက မနေ့ကမှ စပြီးသွားလို့ရတယ်။ ပြောင်းရွှေ့နေလိုက်ရတာ ၅ ရက်လောက်တော့ရှိတယ်ဆိုတော့ ရေကြီးလို့ အခက်အခဲဖြစ်ခဲ့တာ ၅ ရက်လောက်ပဲရှိပါတယ်။ အခုတော့ ဈေးသည်တွေလည်း တစ်ယောက်တစ်လေလောက်တော့ ဝင်လာရောင်းနေပြီဆိုတော့ အဆင်ပြေလာပြီ။

DW ။ ရေကြီးတဲ့အခါမှာ ဥယျာဉ်ခြံတွေ ရေတိုက်စားလို့ မြေပြိုတာ အိမ်တွေမျောပါတာ လူသေဆုံးတာတွေရှိလား။

ဖြေ ။ အဲ့လိုမျိုးတော့ မရှိဘူး။ ကလုံးထာ ကျောက်ကြမ်းလမ်းတန်းဆိုတာရှိတယ်မဟုတ်လား။ အေး အဲဒီနားတွေမှာတော့ လမ်းမြေပြိုတာတွေရှိတယ်။ အဲ့ဒါလည်း အများကြီးမဟုတ်ပါဘူး။ ရွာထဲက ရွာသားတွေပဲ သွားပြီးတော့ လုပ်ကူလိုက်ကြတယ်။ တစ်နပ်စာ(တစ်မနက်)ပဲ လုပ်ရတယ်။ ငါ့သားလည်း ပါတယ်။

နောက်ပြီး လေပြင်းတိုက်လို့ ကွမ်းသီးပင်တွေ ကျိုးကျတာ လဲကျတာတွေလည်း ရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ရွာထဲက အိမ်တွေမှာ လူနှစ်ရပ်စာလောက်အထိ ရေမြုပ်တယ်။ ခြေတန်ရှည်တွေ မမြုပ်ဘူး။ အိမ်ငယ်တွေ အိမ်နိမ့်နိမ့်တွေကတော့ ရေမြုပ်သွားတာရှိတယ်”

ကွမ်းသီးဝယ်ရောင်းနေသည့် အမျိုးသမီးတစ်ဦး ပကာရီကျေးရွာ၊ ထားဝယ်အရှေ့တောဒေသ

DW ။ အစ်မတို့ရွာမှာ အခုရေပြန်ကျပြီလား။

ဖြေ ။ ပြန်ကျသွားပြီ။ ကသန်း(ရွာ) နဲ့ တလိုင်းတောင်ကြားမှာဆို မြန်တယ်။ ဟိုနေ့ကဆို ဆိုင်ကယ်တောင်ဖြတ်ရသေးတယ်။ အစ်မတို့ အိမ်ဘက်ကတော့ ရေမရောက်ဘူး။ အစ်မတို့က ရေဝိုင်းလမ်းဘက်ကဆိုတော့ ကုန်းပိုင်းဖြစ်နေတယ်။ ရေမရောက်ဘူး။ ရွာလယ်ပိုင်းမှာတော့ အိမ်ငယ်တွေကတော့ မြုပ်တယ်။ အိမ်ကြီးတွေကတော့ တစ်ပိုင်းမြုပ်တယ်ပေါ့။ ဒါပေမဲ့ အခက်အခဲမရှိပါဘူး။ ဘာလို့လဲဆိုတော့ တို့ရွာတွေက အခုမှ ရေကြီးပြီး ရေမြုပ်တာမဟုတ်ဘူး။ အရင်တည်းက ရေကြီးနေကျဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေရှိတယ်။

မိုးရွာပြီ ရေကြီးလာပြီဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေအကုန် အိမ်ပေါ်မှာမရှိတော့ဘူး။ အကုန်ရွှေ့ထားပြီးပြီ။ အိမ်ငယ်တွေဆိုလည်း ကြိုတင်ပြင်ဆင်ပြီးရွှေ့ထားကြပြီးပြီ။ ကိုယ်တွေက ငယ်ငယ်ကတည်းက ဒီလိုပဲဆိုတော့ ထုံးစံလိုဖြစ်နေပြီမဟုတ်လား။ ပကာရီ(ရွာ)ဆိုတာ အမှတ်တမဲ့ ရေကြီးလာတဲ့ ရွာတွေမဟုတ်ဘူး။ ရေကြီးနေကျအိမ်ငယ်တွေဆို ရွာအထက်ပိုင်းက ကိုယ်နဲ့ ဆိုင်ရာ သင့်ရာအိမ်တွေဆီကို ကြိုတင်ရွှေ့ထားကြပြီးပြီ။ လိုတဲ့ပစ္စည်းတွေမှန်သမျှ အကုန်ရွှေ့ထားကြတယ်။

DW ။ ဘယ်နှစ်အိမ်လောက်ရွှေ့ပြောင်းရလဲ။

ဖြေ ။ ရွှေ့ပြောင်းရတာတော့ သိပ်မများပါဘူး။ အိမ်ပုပုငယ်ငယ်တွေလောက်ပဲ ရွှေ့ရပြောင်းရတယ်။ ကျန်တဲ့ အိမ်ကြီး အိမ်မြင့်တွေက အောက်ပိုင်းရေတွေဝင်လာတောင် အိမ်အပေါ်ထပ်မှာ လူတွေနေလို့ရသေးတယ်။ ပစ္စည်းရောလူရော အိမ်အပေါ်ထပ်ကိုရွှေ့ပြီး စားစရာတွေ တစ်ပတ်စာဝယ်စုပြီး အဲလိုပဲ နေကြတယ်။ အလွန်ဆုံး တစ်ပတ်ထက် (ရေ)ပိုမကြီးဘူး။

DW ။ အဲတော့ လမ်းကြောင်းတွေ ပြတ်တောက်တာမဖြစ်ဘူးလား။

ဖြေ ။ ပြတ်တာပေါ့။ ရေကြီးရင် အားလုံးကြီး။လမ်းပြတ်ရင် အားလုံးပြတ်ပဲ၊ ပကာရီရွာထဲကို ပခပ်ဘက်ကတောင် ဆင်းလာလို့မရဘူးလေ။ အဓိက ရေကြီးတာက ပကာရီရွာဖြစ်နေတယ်။ ကျန်တဲ့ရွာတွေကျတော့ မိုးတစ်မ ရေတစ်မပဲ။ ပကာရီမှာလိုမျိုးတော့ ရေမများဘူး။ ရေကြီးပြီဆိုတာနဲ့ လှေတွေနဲ့ ထပ်ချပ်မခွာ လိုက်ကြည့်ပေးနေတယ်လေ။ ရေက တစ်နှစ်နဲ့ တစ်နှစ်မတူဘူးဆိုတော့။ ဒီနှစ်က ဝါထပ်နှစ်(လထပ်နှစ်)ဆို ရေပိုကြီးတာရှိတယ်။

DW ။ ခါတိုင်းနှစ်ထက် ရေပိုကြီးလာလား။

ဖြေ ။ ကျွန်မထင်တာတော့ ခါတိုင်းနှစ်လောက်ပဲလို့ထင်တာပဲ။ ရွာထဲက အိမ်တွေမှာ လူနှစ်ရပ်စာလောက်အထိ ရေမြုပ်တယ်။ ခြေတန်ရှည်တွေ မမြုပ်ဘူး။ အိမ်ငယ်တွေ အိမ်နိမ့်နိမ့်တွေကတော့ ရေမြုပ်သွားတာရှိတယ်။ အိမ်ထဲကို ရေဝင်တာကတော့ ပကာရီကျေးရွာ တစ်ခုလုံးပါပဲ။ အောက်ပိုင်းတစ်ပိုင်းလုံးဆို ရေမြုပ်တာ အိမ်ခြေ ၁၀၀၀ လောက်ရှိမယ်ထင်တယ်။ ဆန်းချီတံတားဘက်ဆို တံတားလောက်ပဲမြုပ်တယ်။

DW ။ ဥယျာဉ်ခြံတွေပျက်တာရှိလား။ အိမ်တွေ ရေမျောတာ ရှိလား။

ဖြေ ။ အဲလိုကတော့ မရှိဘူး။ ဆန်းချီရပ်ကွက်(ရွာ)ဘက်မှာဆို ရွာထဲမှာ အိမ်တွေရေမြုပ်တာ မကြားရဘူး။ အစ်မတို့ ရေချောင်းဆိုရင် ပေါက်တိုင်းကိုလည်းရောက်တယ်။ နောက်ထပ် ရေထပ်ကြီးအုံးမယ်။ အခုက အခုမှစကြီးတာရှိသေးတယ်။ နောက်တခါ ထပ်ကြီးအုံးမယ်။ ဘာလို့လည်းဆိုတော့ လထပ်နှစ်ကိုး။ နောက်တစ်ခါ ထပ်ကြီးရင် နည်းမလား များမလား မပြောတတ်ဘူး။ အခုက မုန်တိုင်းအရှိန်ကြောင့်လည်း ပါတယ်။ နောက်ထပ် ရေထပ်ကြီးမှာက ဘယ်အချိန်လောက်လဲဆိုတာတော့ မပြောတတ်သေးဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“ဆန်က လိုချင်တိုင်းသယ်လို့မရဘူး အရင်က ၃ အိတ် ၄ အိတ် ကြိုဝယ်တဲ့သူက တစ်အိတ်ရအောင် အတော်ကြိုးစားပြီးသယ်ရတယ်”

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး၊ ကလိန်အောင်မြို့၊ ရေဖြူမြို့နယ်

DW ။ လက်ရှိရေကြီးနေတဲ့အခြေအနေက ဘယ်လိုနေလဲ။ အရင်နှစ်တွေနဲ့စာရင် ရေကြီးတာက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ရေကြီးတာက (ဇူလိုင်) ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ လေးရက်ပါ ။ အခုကတော့ ပြန်ကျသွားပြီ ။ မနက် ၉ နာရီလောက် ရေတက်လာလိုက် ၊ ည ၁ဝ နာရီရေပြန်ကျသွားလိုက်နဲ့ ကားတွေ နှစ်ရက်ပိတ်မိခဲ့တယ် ။ ရေအမြင့်က ၃၆ မိုင်(မိုင်တိုင်) ကားလမ်းရေကျော်နေရာမှာ ရေကျော်လမ်းမအပေါ်မှာတောင် သာမန်ယောက်ျားသားတစ်ယောက် ရေထဲဆင်းရပ်လိုက်ရင် လည်ပင်းလောက်ပဲပေါ်တော့တယ် ။ ကျန်တဲ့ ဟိန္ဇဲရွာနားက ကိုယ်တော်ကြီး၊ကိုယ်တော်လေး နတ်နန်း မှာကတော့ ပေါင်ရင်းလောက်အထိတက်တယ် ။ ၃၉ မိုင် နဲ့ ရေပုံးတံတားအကွေ့မှာလည်း ကားလမ်းရေကျော်တယ် ။ အားလုံး လေးနေရာပေါ့ ။ ရေကြီးတာကတော့ မနှစ်ကစပြီးပြန်ကြီးတယ် ။ ကားလမ်းရေကျော်လုပ်ပြီးကတည်းက (ရေ) မကြီးတာကြာပါပြီ ။ အခုနှစ်ကတော့ မနှစ်ကထက်ပိုဆိုးတယ် ။ ကျေးဇူးတော်ရွာဘက်ကဆင်းတဲ့ ချောင်းဖျားက မနှစ်ကစပြီး ရေစီးတအားသန်လာတယ် ။ မိုးကြီးရင် ရေနောက်တွေအရှိန်နဲ့ ဆက်တိုက်ဆင်းလာတယ် ။ ဘာကြောင့်လဲတော့မသိဘူး ရေစီးအရမ်းသန်လာတယ် ။

DW ။ အနီးအနားက ဘယ်နှစ်ရွာလောက်မှာ ရေကြီးနေလဲ။ ခန့်မှန်းခြေအရဆိုရင် အိမ်ခြေဘယ်လောက် ရေဘေးခံနေရလဲ။

ဖြေ ။ ရွှေ့ပြောင်းကြရတာကနည်းပါတယ် ။ တစ်ရွာမှာ လေးဆောင်လောက်ပါပဲ။ အများစုကမရွှေ့ကြရဘူး ။ ရေကြီးတာက ၃၆မိုင် ၊ ၃၉ မိုင် ၊ ဟိန္ဇဲ နဲ့ ရေပုံး လေးနေရာကြီးတယ်။

DW ။ ဒီလိုရေကြီးနေတော့ စားရေး သောက်ရေးနဲ့ သောက်သုံးရေလိုအပ်ချက်တွေက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ရွာသားတွေမှာတော့သိပ်မခက်ခဲဘူး ။ လမ်းမှာလာပိတ်မိတဲ့သူတွေပဲခက်ခဲတယ် ။ပိတ်မိတဲ့နှစ်ရက်မှာ ကားအစီး ၆ဝ လောက်ပိတ်မိတယ် ။ လူလည်း ၆ဝဝ ကျော်လောက် ပတ်ဝန်းကျင်ရွာတွေမှာ ညအိပ်စောင့်လိုက်ရတယ် ။ ကားပေါ်အိပ်သူအိပ် ၊ ရွာဘုန်းကြီးကျောင်းအိပ်သူအိပ်ပဲ။ ထမင်းကတော့ ရွာကချက်ကျွေးတယ်။ ဆန်ပေးနိုင်သူက ဆန်ပေးတယ်။ ဝိုင်းချက်ပြီး ထမင်းထုပ်နှစ်ရက်ဆက်တိုက် ဝေရတယ် ။

DW ။ ဒီလိုအခက်အခဲကြုံနေရချိန်မှာ အကူအညီပေးတဲ့သူတွေရှိရဲ့လား။ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေရာ ရှိလား။

ဖြေ ။ ရွာသူရွာသားတွေကပဲ အဓိက ကူညီလိုက်ရတာပေါ့ ။ ကလိန်အောင်မီးသတ်ဘက်ကတော့ ရေကူးဝတ်စုံ ငှားပေးတာမျိုးရှိတယ်။

DW ။ အကူအညီပေးတဲ့အဖွဲ့တွေမရှိဘူးဆိုရင် ဘာကြောင့်မရှိတော့တာလို့ထင်လဲ။

ဖြေ ။ အသင်းတွေက ရပ်လိုက်ကြတာများတယ် ။ မလုံခြုံတော့တာရော ဂိတ်တွေဖြတ်ရတာရော အခြားကိစ္စတွေရောပဲ ။

DW ။ တစ်ဖက်မှာကလည်း စစ်ကောင်စီတပ်က ဒီဒေသတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်ထားတယ်ပေ့ါနော်။ ဆိုတော့ အခုလိုကန့်သတ်ထားတော့ အရင်နှစ်ရေကြီးတဲ့အချိန်တွေနဲ့စာရင် ဘယ်လိုအခက်အခဲတွေ ပိုကြုံနေရလဲ။

ဖြေ ။ ဆန်အခက်အခဲပေါ့။ ဆန်က လိုချင်တိုင်းသယ်လို့မရဘူး အရင်က ၃ အိတ် ၄ အိတ် ကြိုဝယ်တဲ့သူက တစ်အိတ်ရအောင် အတော်ကြိုးစားပြီးသယ်ရတယ် ။ ကလိန်အောက်ဘက်ကရော ထားဝယ်ဘက်ရောပဲ လမ်းကြောင်းအကန့်အသတ်များတယ် ။ ဆန်ပဲအဓိကကန့်သတ်တယ် ကျန်တာက သိပ်မကန့်သတ်ဘူး ။ အခုကားတွေညအိပ်ပိတ်မိတဲ့ရက်က ချက်ကျွေးတာတောင် ရွာထဲရှိတဲ့ မနှစ်က သိုထားတာတွေထုတ်ပြီး ချက်ကျွေးရတယ်။

DW ။ အခုလိုရေကြီးတော့ စားဝတ်နေရေးအပြင် ဥယျာဉ်ခြံတွေပျက်စီးမှုတွေရှိလား။ ပျက်စီးတယ်ဆိုရင် ဘယ်‌ေလာက်အထိ ပျက်စီးနေလဲ။

ဖြေ ။ ရေမကြီးခင်က မြေပြိုသေးတယ်။ လူတွေဘာတွေတော့မထိဘူးပေါ့ ။ အခြားပျက်စီးတာက ကွမ်းခြံတွေ ၊ ကွမ်းသီးအငယ်လေးတွေသီးနေတဲ့အချိန်။ အခုလို ရေဝင်တော့ ကွမ်းခြံပိုင်ရှင်တွေမှာတော့ ဆုံးရှုံးမှုကြီးတယ် ။ ကလိန်အောင် က အဓိက ထွက်တဲ့သံပုရာသီးလည်း အတူတူပဲ။ ရေဝပ်ပြီးအပင်တွေကျွတ်ထွက်ကုန်တယ် ။ တချို့အပင်တွေလည်း သေကုန်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။