ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၃၀ ရက် ညပိုင်းက ကင်းမွန်းချုံရွာဘက်ကို ရောက်ရှိလာပြီး ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် ဝကုန်းရွာ ၂၃ မိုင်ကို ရောက်ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
ခန့်မှန်းအင်အား ၂၀၀ ခန့်ဖြင့် စစ်ကားများဖြင့်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဝကုန်းရွာက ဒေသခံ ငါးဦးနှင့် လိပ်ကြယ်ပြောင်ရွာက ဇနီးမောင်နှံနှစ်ဦးကို ၂၃ မိုင်အနီးတွင် ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ကြားသိရကြောင်း ဝကုန်းရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အဲဒီစစ်တပ်က ဒီဘက်ကို ရောက်နေတာ သုံးလေးရက်ရှိပြီ။ ဝကုန်းရွာဘက်ကို ဆက်မထိုးလာဘဲ ကြားမှာ အစပျောက် နေတာ အခုမနက်စောစောမှာတော့ ပြန်ပေါ်လာတယ်။ ဝကုန်းရွာက ဒူးရင်းသီးသွားကောက်သူ ငါးယောက်နဲ့ လိပ်ကြယ်ပြောင်ရွာက ဒူးရင်းသီးလိုက်ဝယ်သူ လင်မယားနှစ်ယောက်ဖမ်းခံထိတာ။ အခုပြန်လွတ်ပြီလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကြောင်းသည် မေတ္တာမြို့ဘက်မှ တောင်သုံးလုံး၊ ကျောက်မဲတောင်စခန်းဘက်ကို ရောက်ရှိလာပြီး ဝကုန်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
“အခု မနက်အထိတော့ ပစ်သံခတ်သံတွေ မကြားရသေးဘူး။ ကျမတို့လည်း စစ်ကြောင်းရောက်နေတယ်ပြောလို့ ရွာက ထွက်ပြေးလာတာ လမ်းရောက်နေတယ်” ဟု ဝကုန်းရွာအနီး ဘဝပင်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ဝကုန်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းရောက်နေသဖြင့် ဖမ်းဆီးခံရမည် စိုးရိမ်သောကြောင့် အနီးဝန်းကျင် ကျေးရွာက ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။