ရွှေသမိုင်းတစ်လျှောက် စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် ယနေ့(မေ၃၁)ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းခွဲနီးပါး ပြန်ကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယမန့်နေ့က တစ်ကျပ်သားလျှင် ၅၈ သိန်းကျော်(၅၈၂၀၀၀၀ ကျပ်) ဈေးဖွင့်ထားရာက ယနေ့နံနက်ပိုင်းတွင် ၅၆ သိန်းနီးပါး(၅၅၈၀၀၀၀ ကျပ်)သာ ပေါက်ဈေးရှိတော့ကြောင်း ထားဝယ်ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း ပြန်ကျလာသည့်အတွက် ပြည်တွင်းရွှေဈေး ပြန်ကျသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးမှုများရှိသဖြင့် ရွှေစျေးကွက်တွင် အရောင်းအဝယ် မလုပ်ဘဲ စျေးကွက်ပိတ်ထားသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ယခုစျေးကျသွားခြင်းမှာ စစ်ကောင်စီဖမ်းဆီးမှုကြောင့်ထက် ကမ္ဘာ့ရွှေစျေးကျဆင်းမှုနှင့် ကန်ဒေါ်လာငွေလဲနှုန်းကျသွား၍သာ စျေးကွက်သဘောအရဖြစ်ခြင်းဖြစ်ကြောင်း စျေးကွက်လေ့လာသူများကဆိုကြသည်။
ယနေ့ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၂၃၄၃ ဒေါ်လာဝန်းကျင်ဈေးဖွင့်ထားပြီး မေလ ၂၉ ရက်နေ့ကမူ ၂၃၆၀ ပေါက်ဈေးရှိခဲ့သည်။
အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း ကျရိပ်ပြလာပြီး ယနေ့နံနက်ပိုင်းတွင် တစ်ဒေါ်လာကို ၄၆၅၀ ကျပ် ဈေးဖွင့်ထားသည်။
ယမန်နေ့ကမူ တစ်ဒေါ်လာလျှင် ၄၆၈၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။
ပြီးခဲ့သည့်ရက်များက ဒေါ်လာပေါက်ဈေးကြောင့် ပြည်တွင်းရွှေဈေး တောက်လျှောက်တက်သွားခြင်းဖြစ်ပြီး လက်ရှိတွင်ဒေါ်လာပေါက်ဈေးပြန်ကျလာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း ပြန်ကျလာကြောင်း ထားဝယ်မြို့ရှိ အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
“ဒေါ်လာဈေးကျတာလည်း ပါမယ်။(အရင်က)ကမ္ဘာ့ရွှေဈေးမတက်ဘဲ ဒေါ်လာဈေးနဲ့ပဲ ဒီလိုတက်သွားတာ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းရွှေဈေးမှာ အဆမတန်ထိုးတက်သွားပြီး ကမောက်ကမဖြစ်သွားသည့်အတွက် ထားဝယ်ဈေးကွက်တွင် မေလ ၂၉ ရက်နေ့ကဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်ဆိုင်းသွားသည်။
ထိုနောက် နောက်ရက်များတွင် တဖြည်းဖြည်းပြန်ကျလာပြီး ရွှေအထည်နှင့် အခေါက်ရွှေပါ အရောင်းအဝယ်ပြန်လုပ်နေကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။