BREAKING
January 11, 2025

စစ်မှုထမ်း ဒုတိယသုတ်တွင် လူငယ်လေးထောင်နီးပါးစုဆောင်းခံရ၊ ဖမ်းဆီးစုဆောင်းခံရသူ ကိုးရာကျော်ပါဝင်

May 31, 2024

ပုံစာ - စစ်မှုထမ်း ဒုတိယအသုတ်အတွက် မင်းဘူးခရိုင်တွင် စုဆောင်းခံရသူများကို သင်တန်းကျောင်းသို့ ပို့ဆောင်စဉ်။ ဓာတ်ပုံ – MOI

စစ်ကောင်စီက စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူငယ်လေးထောင်နီးပါးကို စုဆောင်းခဲ့ပြီး ယင်းအနက် လူငယ် ကိုးရာကျော်မှာ အတင်းအကျပ်ဖမ်းဆီးစုဆောင်းခံရကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က မေလ ၂၉ရက်က ထုတ်ပြန်သည်။

စစ်မှုထမ်း ပထမအသုတ်တွင် စစ်ကောင်စီက လူငယ် ငါးထောင်ကျော်ကို စုဆောင်းနိုင်ခဲ့ကြောင်းဆိုသည်။

ဒုတိယအသုတ်တွင်မူ လေးထောင်နီးပါးကိုသာ စုဆောင်းနိုင်ခဲ့ကာ ယင်းအနက် မြို့နယ် ၂၀ က လူငယ် ကိုးရာကျော်မှာ အတင်းအကျပ် ဖမ်းဆီးစုဆောင်းခံရသူများဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့ကို သင်တန်းကျောင်း ၁၆ တွင် စစ်သင်တန်းပေးခဲ့ကြောင်း ဖော်ပြသည်။

ဒုတိယအသုတ်အတွက် လူစုဆောင်းရာတွင် ပထမအကြိမ်ကဲ့သို့ မလွယ်ကူတော့ဘဲ စာရင်းတွင် ပါဝင်သည့် လူငယ် အများအပြား ထွက်ပြေးသည့်အပြင် စစ်သားစုဆောင်းမှုတွင် မပူးပေါင်းလိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်း များလားလာခဲ့ကြောင်း BACS က ဆိုသည်။

ထို့ကြောင့် အမည်စာရင်းနှင့် တိုက်ရိုက်ခေါ်ယူမှုများ ပြုလုပ်လာသလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်လာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် လူစာရင်းရွေးချယ်ပြီးဒေသများတွင် ထွက်မပြေးစေရန် ဖိအားပေးလာခဲ့သလို ပြည်ပထွက်ခွင့် ကန့်သတ်ပိတ်ပင်မှု များလည်း လုပ်ဆောင်လာပြီး Non CDM များနှင့် ကျောင်းသားများကိုပါ စာရင်းကောက် ဖြည့်သွင်းလာကြောင်း ဖော်ပြသည်။

စာရင်းတွင်ပါသူများ ထွက်ပြေးမှုများသဖြင့် ဒုတိယအသုတ်တွင် အတင်းအကျပ်ဖမ်းဆီးစုဆောင်းမှု ပိုမိုဆိုးဝါးလာပြီး လက်ဖက်ရည်ဆိုင်များ၊ စစ်ဆေးရေးဂိတ်များ၊ အပြင်တွင်တွေ့သည့် လမ်းသွားလမ်းလာများကိုပါ ဖမ်းဆီးစုဆောင်းမှု အများအပြား ဖြစ်လာခဲ့ကြောင်း BACS က ဆိုသည်။

အတင်းအကျပ် ဖမ်းဆီးစုဆောင်းခံရမှုတွင် မကွေးတိုင်းတွင် လူငယ် လေးရာကျော်၊ ပဲခူးတိုင်းတွင် သုံးရာကျော်၊ စစ်ကိုင်းတိုင်းတွင် တစ်ရာကျော်ရှိပြီး မွန်နှင့် ရန်ကုန်နေရာအချို့တွင်လည်း ရှိခဲ့ကြောင်း ဖော်ပြသည်။

ပထမအသုတ်တွင် မြို့နယ် ၁၄၀ တွင် စစ်သားစုဆောင်းခဲ့ပြီး ဒုတိယအသုတ်တွင် ၁၃၃ မြို့နယ်ထက်မနည်းတွင် စုဆောင်းခဲ့သည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်မှုမဖြစ်မနေ ထမ်းခိုင်းနေသဖြင့် လူငယ်များ ပြည်ပသို့အစုလိုက်အပြုံလိုက် ထွက်ခွာနေကြပြီး စစ်ကောင်စီက ပြည်ပထွက်ခွင့်များကို တင်းကျပ်ကန့်သတ်ပိတ်ပင်လာသည်။

သတင်းမီဒီယာများတွင် ဖော်ပြသည့်အချက်အလက်များ၊ စစ်ကောင်စီ ထုတ်ပြန်ထားသည့် အချက်အလက်များကို ရယူစုဆောင်း ဖော်ပြခြင်းဖြစ်ကြောင်း BACS က ဆိုသည်။