BREAKING
January 11, 2025

ဘူးသီးတောင်ထောင်က နိုင်ကျဉ်း ၃၀ကျော်ကို ကယ်ထုတ်ပြီးလွှတ်ပေးလိုက်ကြောင်း AA ပြော

May 31, 2024

ဓာတ်ပုံ – Narinjara

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) သိမ်းယူပြီးနောက် အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၃၁ဦးကို ကယ်ထုတ်ကာလွှတ်ပေးလိုက်ကြောင်း AA က ယနေ့ မေလ ၃၁ရက်တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့အကျဉ်းထောင်တွင် ပိတ်မိနေသည့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် အကျဉ်းသား ၉၈ ဦးကို ကယ်ထုတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခဲ့ကြောင်း ဖော်ပြသည်။

ဘူးသီးတောင်မြို့ရှိ ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးကို AA က မေလ ၁၈ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီးနောက် မြို့ကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဆက်သွယ်ပေးကာ မိသားစုထံသွားရန် လိုအပ်သည့် ထောက်ပံ့ငွေအချို့ကို မေလ ၂၆ရက်က ပေးခဲ့ကြောင်း AA က ဆိုသည်။ အဆိုပါအကျဉ်းသားများမှာ မိမိတို့ကျေးရွာတွင် သွားရောက်နေထိုင်နေကြပြီ ဖြစ်ကြောင်းလည်း ဆိုသည်။

ကျန်အကျဉ်းသားများမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု စသည့် ပြစ်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ပြီး ၎င်းတို့ကိုလည်း မေလ ၁၆ ရက်တွင် ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ကြောင်း ဖော်ပြသည်။

အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်လိုအပ်နေသည့် စားဝတ်နေရေး ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

အကျဉ်းသားများ၏ ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခင်ကလည်း စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေရသူများကို တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့ဖူးကြောင်း AA က ဆိုသည်။