BREAKING
October 19, 2024

ထိုင်းတွင် ငါးအပုပ်နံ့အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ၁၀ကျော်သတိမေ့၊ လေးဦးစိုးရိမ်ရ

May 31, 2024

ဓာတ်ပုံ – One31

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် ငါးအပုပ်နံ့များမှ ထွက်လာသော ဓာတ်ငွေ့ကို ရှုမိရာမှ အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ငါးဖမ်းသမား ၁၁ ဦး သတိမေ့မြောခဲ့ပြီး လေးဦးမှာ စိုးရိမ်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ထာ့စာလားဒေသရှိ လှေဆိပ်တွင် ငါးဖမ်းရာမှအပြန် ကမ်းကပ်ပြီး လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲ ငါးများကို ရေလုပ်သားများ ဆင်းသယ်ကြစဉ် အဆိပ်သင့်ခြင်းဖြစ်သည်။

လှေပေါ်တွင် ထိုင်းနှင့် မြန်မာရေလုပ်သား ၁၀ ကျော် လိုက်ပါလာကြပြီး လှေဝမ်းဗိုက်အောက်ခြေသို့ တစ်ဦးပြီးတစ်ဦး ဆင်းကာ ငါးသယ်ထုတ်ရာမှ လှေလုပ်သား ၁၁ ဦး သတိမေ့မြောကြောင်း ဖော်ပြထားသည်။

သတိမေ့မြောရာတွင် မြန်မာလုပ်သားမည်မျှ ပါဝင်သည်ကိုမူ သီးခြားဖော်ပြထားခြင်း မရှိပေ။

ကယ်ဆယ်ရေးအဖွဲ့များက သတိမေ့မြောနေသူများကို အရေးပေါ်ကုသမှုများပေးခဲ့ပြီး ထာ့စာလားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ထိုင်းသတင်းများတွင် ပြောကြားထားသည်။

စိုးရိမ်ရသူများအနက် တစ်ဦးသည် ဆေးရုံ ICU ထဲ ကုသနေဆဲဖြစ်ပြီး ကျန် သုံးဦးကို မဟာရတ်နခွန်စီထမရတ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

နောက်ထပ် ခုနစ်ဦးကိုလည်း ကျန်းမာရေးကုသမှုများပေးနေပြီး စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆိုပါဖြစ်ရပ်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် မတ်လကလည်း ထိုင်းတောင်ပိုင်း ပတ်တနီတွင် လှေဝမ်းဗိုက်အတွင်းရှိ သိုလှောင်ထားသော ငါးများကို မြန်မာရေလုပ်သားများက သယ်ထုတ်ရန် ဆင်းယူရာ ဓာတ်ငွေ့အဆိပ်သင့် အောက်စီဂျင်ပြတ်ပြီး မြန်မာရေလုပ်သား သုံးဦး သေဆုံးခဲ့သေးသည်။

Ref: Matichon Online, Thai Post, Khaosod English