မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းတွင် စစ်ယာဥ်တန်း သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။
မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ သွားသည့် စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက်တွင် သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။
“ချောင်းညီကို၊ ရန်းဖို၊ဘန်းလမွှတ် အဲဒီအနားတဝိုက်မှာ အဆွဲခံရတယ်။ မိုးတောင်မလင်းသေးဘူး။ ကားတစ်စီးတော့ (လိပ်နေ) ပက်လက်လန်နေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။
သို့သော် ပက်လက်လန်နေသည့် ကားအမျိုးအစားကို မသိရှိရသလို အသေးစိတ်အခြေအနေကိုလည်း သိရှိရခြင်း မရှိပေ။
မိုင်းဆွဲခံရသည့် ယာဥ်တန်းတွင် ဗီဂိုကားတစီး၊ စစ်ကားကြီးနှစ်စီးနှင့် ကျောက်တင်ကားကြီး တစ်စီးပါဝင်သည်ဟု ဒေသခံများ ကပြောသည်။
မိုင်းဆွဲခံရပြီးနောက် ယင်းနေရာအနီးတောအတွင်းသို့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့် အသံများကိုလည်း ကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။

“ပစ်လိုက်တာကတော့ သဲကြီးမဲကြီးကို ပစ်တာ”ဟု ဒေသခံနောက်တဦး ကပြောသည်။
မိုင်းဆွဲခံရသည့်အတွက် အထိအခိုက်သေဆုံးမှုကိုတော့ မသိရသေးကြောင်း ဒေသခံများ ကဆိုသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ဘန်းလမွှတ်နှင့်ညောင်ပင်ကုန်းရွာ ကြားတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။
မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင် ၂၀၂၃ ခုနှစ်အစမှစတင်ပြီး စစ်ကောင်စီယာဥ်တန်း မကြာခဏ မိုင်းဆွဲခံရလေ့ရှိသည်။