မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့်ခဲ့သည့် ဒေသများကို အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။
လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအား ထိန်းချုပ်မှုမရှိ၊ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပြုရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။
ငလျင်ကြောင့် မြန်မာနုင်ငံတွင် လူမှုအသိုက်အဝန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင် အသက်ကယ် တုံ့ပြန်ဆောင်ရွက်ရန် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်းထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားကြောင်း မစ္စတာ မာကိုလူဂျီ ကော်စီက ပြောဆိုသည်။
အဆိုပါငွေကို အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ ခိုလှုံစရာပစ္စည်းများ၊ အရေးပါသည့် တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် စားနပ်ရိက္ခာအထောက်အပံ့တို့အတွက် ခွဲဝေသုံးစွဲနေကြောင်း ဆိုသည်။
လာမည့်သီတင်းပတ်များတွင် အကူအညီများစွာ လိုအပ်လာမည်ဖြစ်ပြီး မြန်မာပြည်သူများသည် နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံး၏ ထောက်ပံ့ကူညီမှုကို လိုအပ်နေကြောင်းလည်း မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။
ငလျင်ဒဏ်သင့်သော ဒေသများ၌ ဆေးရုံများတွင် လူနာများပြည့်ကျပ်နေပြီး ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလည်း ဆိုးဆိုးရွာရွား ပြတ်တောက်နေသည့်အပြင် နောက်ဆက်တွဲ ငလျင်ကို စိုးရိမ်သဖြင့် လူထောင်ပေါင်းများစွာသည် ပြင်ပတွင် အိပ်စက်နေကြရကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငလျင်မတိုင်မီကတည်းက လူသန်း ၂၀ နီးပါးမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေခြင်းဖြစ်ပြီး ယခုငလျင်မှာ အကျပ်အတည်းကို ပိုမိုဆိုးဝါးစေခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ငလျင်ကြောင့် မြန်မာတွင် သေဆုံးသူ ၂၄၀၀ ကျော်ရှိလာပြီး သေကြေပျက်စီးမှုများသည့် စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်မည့်အဖွင့်များသည် စစ်ကောက်စီ လက်အောက်ခံအဖွဲ့များထံ ခွင့်ပြုချက် ယူရခြင်း၊ သွားရောက်ခွင့် မပြုခြင်းတို့ကြောင့် ထိခိုက်ခံစားရသည့် ဒေသများမှာ အကူအညီမရရှိဘဲ ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။