ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင် ယနေ့ မတ်လ ၃၁ရက် ညနေပိုင်းအထိ သေဆုံးသူ ၂၄၁၈ ဦးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။
ငလျင်ကြောင့် မြို့နယ် ၂၇ ခုတွင် သေဆုံးသူများရှိကြောင်း ဆိုသည်။
မန္တလေးတိုင်း အမရပူရမြို့နယ်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး သေဆုံးသူ ၇၀၀ခန့်အထိ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကိုင်းမြို့တွင် ငါးရာကျော်၊ နေပြည်တော်တွင် သုံးရာကျော်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ကျောက်ဆည်တို့တွင် သေဆုံးသူ တစ်ရာကျော်စီရှိကြောင်းလည်း ဖော်ပြသည်။
နိုင်ငံတကာ လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှာ နေပြည်တော်၊ မန္တလေးမြို့ပေါ် နေရာအချို့တွင်သာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သေးသည့် အခြားမြို့နယ်များစွာ ကျန်ရှိသေးကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီက ယနေ့ ညပိုင်းထုတ်ပြန်ချက်တွင်မှု ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၂၇၀ ခန့်ရှိကြောင်း ဖော်ပြသည်။






လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်များ ဆက်လက်ကြုံတွေ့နေရသည့်အပြင် ယခုသီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးရွာသွန်းနိုင်သဖြင့် ငလျင့်ဘေးသင့်သူများ ယာယီနေထိုင်ရန် ပိုမိုအခက်တွေ့နိုင်ကြောင်း NUG က ထုတ်ပြန်ထားသည်။
အထူးသဖြင့် စစ်ကိုင်းနှင့် ပဲခူးတို့တွင် ကယ်ဆယ်ရေးအဖွဲ့များသည် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များထံ ခွင့်ပြုချက်ယူရခြင်း၊ သွားရောက်ခွင့်မပြုခြင်းတို့ကြောင့် ထိခိုက်ခံစားရသည့် ဒေသများမှာ အကူအညီမရရှိဘဲ ဖြစ်ကြောင်း ဆိုသည်။
စားသုံးကုန်များနှင့် လောင်စာဆီများ ပြတ်လပ်ခြင်း၊ စျေးကြီးမြင့်ခြင်းတို့ကြောင့် ငလျင်ဘေးသင့်သူများအတွက် ထောက်ပံ့ပစ္စည်းဝယ်ယူရန် စိတ်ခါ်ချက်များ ဖြစ်ပေါ်နေကြောင်းလည်း ဆိုသည်။