BREAKING
April 2, 2025

မြန်မာ့ငလျင်ဘေးကူညီရန် အသင့်ပြင်ထားသည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ ဖျက်သိမ်း

March 31, 2025

ငလျင်စလှုပ်သည့်နေ့ မတ်လ ၂၈ ရက်နေ့ကတည်းက မြန်မာပြည်သူများကို လာရောက်ကူညီရန် အသင့်ပြင်ထားသည့် ထိုင်ဝမ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်အားပြင်းငလျင်ဒဏ်ကို ခံစားနေရသော်လည်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည့် အချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် ယင်းသို့ ဆုံးဖြတ်လိုက်သည်ဟု အဆိုပါ ဝန်ကြီးက ပြောသည်။

“ဟိုကို ရောက်သွားတာနဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့သားတွေရဲ့ လုံခြုံရေးကို ကျွန်တော်တို့ အာမမခံနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်ကူညီရန် အသင့်ပြင်ကာ စောင့်ဆိုင်းနေသည့် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သားများကို ၎င်းတို့၏ မူလလုပ်ငန်းတာဝန်များဆီ ပြန်ပို့လိုက်ပြီဟု သိရသည်။

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်က နေရာအချို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း နိုင်ငံတကာသတင်းဌာနများတွင်လည်း ဖော်ပြနေကြသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွန်ရန် မတ်လ ၃၀ ရက်နေ့မှစ၍ နိုင်ငံအနှံ့တွင် နှစ်ပတ်ကြာ ထိုးစစ်ရပ်နားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး ၃,၀၃၄ ဦး၊ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၃,၅၁၇ ဦးရှိပြီး အနည်းဆုံး ၄၉၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖျက်သိမ်းလိုက်သော ထိုင်ဝမ်ကူညီကယ်ဆယ်ရေးအဖွဲ့သည် ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ လာရောက်ကူညီရန် အသင့်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ငလျင်သတင်းထွက်ပေါ်လာပြီးနောက် အဖွဲ့ဝင် ၁၂၈ ဦးပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ကို ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားမီးသတ်ဌာနက မဆိုင်းမတွ ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့တွင် ဆရာဝန် ၆ ဦး ၊ သူနာပြု ၇ ဦး ၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှစ်ဦး ၊ ရှာဖွေကယ်ဆယ်ရေးခွေး ၆ ကောင်နှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် အထောက်အပံ့ပစ္စည်း ၁၅ တန် ပါဝင်ကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံပါက ကူညီပေးရန် အသင့်ရှိကြောင်း ထိုင်ဝမ်သမ္မတနှင့် ဝန်ကြီးချုပ်တို့ နှစ်ဦးစလုံးက ကမ်းလှမ်းပြောဆိုခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနှင့် ထိုင်းနိုင်ငံ နှစ်ခုစလုံးကို အကူအညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း နှစ်နိုင်ငံစလုံးက အကူအညီ လက်ခံခြင်းမရှိခဲ့ပေ။

ငလျင်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်သည်ဟု နာမည်ရထားသည့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့၏ အကူအညီကို မြန်မာစစ်ကောင်စီက လက်မခံရသည့်အကြောင်းအရင်းကို နားမလည်ကြောင်း ထိုင်ဝမ်ရှိ မြန်မာနိုင်ငံသားအချို့က CNA သတင်းဌာနကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ရနိုင်သမျှ အကူအညီအားလုံးကို လိုအပ်နေသည်ဟု ထိုင်ဝမ်ရှိ မြန်မာကျောင်းသူတစ်ဦးက ပြောသည်။

တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ကို ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားသလို မြန်မာစစ်ကောင်စီနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့် ထိုင်ဝမ်၏ အကူအညီကို မြန်မာစစ်ကောင်စီက လက်ခံဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေနည်းကြောင်း မြန်မာကျောင်းသားနှစ်ဦးက CNA သတင်းဌာနကို ဖြေကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ အရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

Source: Focus Taiwan ၊ CNA