BREAKING
April 2, 2025

ငလျင်ဒဏ်သင့်ဒေသများတွင်လည်း မိုးထစ်ချုန်းရွာဖွယ်ရှိ၍ အမိုးအကာများ အရေးပေါ်လိုအပ်

March 31, 2025

ငလျင်ဒဏ်သင့်ထားသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ရှမ်းပြည်နယ် ဒေသများအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဧပြီလဆန်း၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM-NUG ၏ မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဧပြီလ ၄ ရက်မှ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဧပြီလ ၆ ရက်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမိုးရွာနိုင်ကြောင်း MOHADM-NUG ၏ မိုးလေဝသဌာန က ခန့်မှန်းဖော်ပြထားသည်။

စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေး အင်အားစု တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းကြည်ရာ ယနေ့ မတ်လ ၃၁ ရက်တွင် စစ်ကိုင်းမြို့၌ ရာသီဥတု ကြည်လင်နေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်နေဆဲဖြစ်ကြောင်း၊ သို့သော်မိုးရွာလာပါက အမိုးအကာများ လိုအပ်လာမည်ဖြစ်ကြောင်း တုံ့ပြန်ဖြေကြားသည်။

” မိုးရွာလာရင်တော့ မိုးကာတွေ၊ ယာယီတဲတွေလိုတာပေါ့။ အိမ်တွေမရှိကြတော့ဘူး။ အမိုးအကာအကူအညီလည်း လိုအပ်တယ်။ အခုလက်ရှိအထိ အမိုးအကာ အတွက် မစီစဥ်ရသေးသလို အကူအညီရတာလည်း မရှိသေးဘူး” ၎င်းက ပြောဆိုသည်။

တနင်္သာရီတိုင်း အပါအဝင် မြန်မာပြည်အောက်ပိုင်း ဒေသများတွင်လည်း မတ်လ ၃၁ မှ နောက် ၂ ရက်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရှိကြောင်း စစ်ကောင်စီ၏ မိုးဇလဦးစီးဌာနကလည်း ထုတ်ပြန်ကြေညာထားသည်။

ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံများထံမေးမြန်းရာတွင် ခရိုင်အတွင်းနေရာအချို့တွင် ယနေ့ မတ်လ ၃၁ ရက်တွင် မိုးရွာသွန်းနေပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင်မူ မိုးမရွာသေးဘဲ မိုးအုံ့နေကြောင်း သိရသည်။

မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သည့် ငလျင်၏ နောက်ဆက်တွဲ အနေဖြင့် ယနေ့အထိ လှုပ်ခတ်နေဆဲ နောက်ဆက်တွဲ ငလျင်အကြိမ်ရေ ၄၃ ကြိမ်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ မိုး/ဇလဌာနမှ ယနေ့ ညနေ ၅ နာရီခွဲတွင် ထုတ်ပြန်သည်။